သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘားအံထောင်ဖေါက်ပြေးသူ နောက်တဦးထပ်ဖမ်းမိ


ဘားအံထောင်ဖောက်ပြေးများကို ရှာဖွေနေကြသည့် ရဲတပ်ဖွဲ့ဝင်များ
ဘားအံထောင်ဖောက်ပြေးများကို ရှာဖွေနေကြသည့် ရဲတပ်ဖွဲ့ဝင်များ

ဘားအံ့အကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေထဲက နောက် တယောက်ကို ဒီကနေ့ မနက်အစောပိုင်း မြဝတီမြို့မှာ ဖမ်းဆီးမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သူ တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာပဲ ရှိမယ်လို့ယူဆနေပြီး ကရင်ပြည်နယ်အတွင်း နေရာတော်တော်များ ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ဘားအံ့အကျဉ်းထောင်ကနေ အကျဉ်းသား ၄၂ ဦး လွတ်မြောက် သွားပြီး မနေ့ကအထိ အကျဉ်းသား ၂၄ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီကနေ့ မနက်အစောပိုင်း နောက်ထပ် အကျဉ်းသား ၁ ယောက်ကို မြဝတီမြို့မှာ ဖမ်းဆီးရမိခဲ့တဲ့အတွက် ထွက်ပြေး လွတ်မြောက်နေတဲ့ အကျဉ်းသား ၁၇ ယောက်ပဲ ကျန်တော့တယ်လို့ ကရင်ပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဝင်းက ဗွီအိုအေ ကို ပြောပါတယ်။

"အကျဉ်းသားတွေရှာဖွေတဲ့ နောက်ဆုံးအခြေအနေက အခုလက်ရှိတော့ ရှာဆဲပဲဗျ။ အားလုံးပေါင်း ဒီနေ့အထိ ဆိုရင် ၁၇ ယောက်ကျန်သေးတယ်။ ဒီနေ့တယောက်ထပ်မိတယ်။ မနေ့ကအထိ ၁၈ ယောက် ကျန်တာပေါ့။ အခုနောက်ဆုံးမိတာ မြဝတီကမိတာ အဲ့က တယောက် ဒီရောက်ရင်တော့ ၁၇ ယောက်ပဲကျန်မှာပေါ့။ ဟိုဘက် မရောက်သေးပါဘူး။ ကျနော်တို့နယ်မြေထဲမှာပဲ။ ကျနော်တို့ ကတော့ အကုန်လုံးစောင့်ကြည့်နေတာပေါ့။ ဟိုဘက်ကတော့ ဒီလိုဖြစ်စဉ်ဖြစ်တယ်ဆိုတာကတော့ ကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားထားတာ ရှိပါတယ်။"

ထွက်ပြေးလွတ်မြောက်သူတွေဟာ မြန်မာနိုင်ငံဘက်မှာပဲ ရှိနေနိုင်မယ်လို့ တာဝန်ရှိသူတွေက ယူဆနေပြီး နယ်စပ် ထွက်ပေါက်တွေကို ပိတ်ဆို့ ရှာဖွေနေတဲ့အကြောင်း မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နိုင် ထွန်းက ပြောပါတယ်။

"အကျဉ်းထောင်က ထွက်ပြေးတာဖြစ်တဲ့အတွက် ကိုယ့်ပြည်နယ်ထဲမှာပဲ ပိုက်စိတ်တိုက်ရှာဖွေနေ တယ်။ နယ်စပ်ထွက်ပေါက်ကနေထွက်ပြီးတော့ ပိတ်ဆို့ပြီး ရှာဖွေတာနေတာတော့ လုပ်နေတာပေါ့။ ဟိုဘက်လည်း ထွက်ပြေးနိုင်ဖို့ဆိုတာကလည်း ပိုက်ဆံမပါ ဖိနပ်မပါ အကျီကလည်း ထောင် အကျီ တွေ ဖြစ်တဲ့ အတွက် ထွက်ပြေးနိုင်ဖို့ ယူဆလားဆိုရင် အဲ့လောက်ထိလည်း မယူဆသေးဘူးပေါ့။"

ထွက်ပြေးလွတ်မြောက်သူတွေဟာ အကျဉ်းထောင်ဝန်ထမ်းကို ထိုးကြိတ်ရိုက်နှက်ပြီး အမှိုက်သိမ်း ကားကို မောင်းနှင်ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသူတွေကို လိုက်လံဖမ်းဆီးရာမှာတော့ ခေါင်းဆောင်လို့ ယူဆရတဲ့ ကျော်မိန်လ (ခ) အရှောင်က ပစ်ခတ် ဖမ်းဆီးပြီး သေဆုံးသွားတယ်လို့ တာဝန်ရှိ သူတွေက ဆိုပါတယ်။ အခြား အကျဉ်းသား တယောက်လည်း ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်တာဟာ အကျဉ်းထောင် ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုကြောင့် ဝေဖန် သုံးသပ်တာတွေရှိသလို တာဝန်ရှိသူတွေက ထောင်ဝန်ထမ်းတွေကို စစ်ဆေးစုံစမ်းနေကြောင်း ပြည်တွင်းသတင်းတွေမှာ ရေးပါတယ်။

ထွက်ပြေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းဝင်အချို့နဲ့ ပတ်သက်သူတွေ မူးယစ်ဆေးဝါးမှု လက်မှုတွေနဲ့ ထောင်ချခံထားရသူတွေဖြစ်ပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးအကျဉ်းသားတွေကို တွေ့ရှိရင် အကြောင်းကြားဖို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ဖုန်း နံပါတ်တွေ ထုတ်ပြန်ထားပြီး အကျဉ်းသားတွေကို လက်ခံကူညီပေးတဲ့သူတွေကို အရေးယူခံရမယ့်အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG