သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သင်္ဘောနစ်မြုပ် တနှစ်ပြည့်


တောင်ကိုရီယား သင်္ဘောနစ်မြုပ် တနှစ်ပြည့် အောက်မေ့ဘွယ်။
တောင်ကိုရီယား သင်္ဘောနစ်မြုပ် တနှစ်ပြည့် အောက်မေ့ဘွယ်။

မနှစ်တုန်းက နစ်မြုပ်သွားခဲ့တဲ့ စီဝူး ကူးတို့သင်္ဘောကို ပြန်ပြီး ဆယ်ယူ ဖို့ တောင်ကိုရီးယား သမ္မတ Park Geun-hye က ကတိပေး လိုက်ပါတယ်။ သင်္ဘောနစ်မြုပ်ရာမှာ သေဆုံးခဲ့ရသူ ၃၀၄ ဦးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ အဓိက တောင်းဆိုချက်ကို လိုက်လျော သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ တောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်း ဒေသမှာ စီဝူး သင်္ဘော တိမ်းမှောက်ခဲ့တဲ့ တနှစ်ပြည့် အခန်းအနား ကျင်းပစဉ် သမ္မတက သူ့မိန့်ခွန်းထဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသူကျောင်းသား အများစုလိုက်ပါခဲ့တဲ့ ဒီသင်္ဘောဟာ သူ တိမ်းမှောက်ခဲ့ တဲ့ နေရာမှာပဲ အခုထိ ဇောက်ထိုးနစ်မြုပ်နေဆဲ ဖြစ်ပါတယ်။ ဒီသင်္ဘောနစ်မြုပ်မှု ဟာ တောင်ကိုရီးယား နိုင်ငံအတွက် အဆိုးဝါးဆုံး ရေကြောင်း အန္တရာယ် တခုအဖြစ် သတိပေးနေသလို ဖြစ်နေတာပါ။

- အခုအချိန်ဟာ ဒီသင်္ဘောကို ပြန်ပြီး ဆယ်ယူနိုင်ဖို့ ပြင်ဆင်ရမယ့် အချိန်ရောက်နေပြီမို့ အမြန်ပြန်ပြီး ဆယ်ယူနိုင်အောင် လိုအပ်တဲ့အစီအစဉ်တွေ ချက်ချင်း ချမှတ်သွားမှာ ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

ဒါ့အပြင် အခုထိ ပျောက်ဆုံးနေဆဲဖြစ်တဲ့ ခရီးသည် ၉ ဦးရဲ့ အလောင်းတွေ ဘယ်မှာ ရှိတယ်ဆိုတာကို ရှာဖွေမယ်လို့လည်း သမ္မတ Park Geun-hye က ကတိပေး လိုက်ပါတယ်။သေဆုံးသွားခဲ့သူတွေရဲ့ မိသားစုဝင် အတော်များများက ဒီကနေ့မနက်စောစော အောက်မေ့ဖွယ် အခန်းအနား ကျင်းပရာနေရာ လာရောက်တဲ့ သမ္မတကို တွေ့ဆုံဖို့ ငြင်းပယ်ခဲ့ကြပြီး သင်္ဘောကို ပြန်ဆယ်ပေးဖို့ သဘောတူမှ အတွေ့ခံမှာ ဖြစ်ကြောင်း ပြောကြပါတယ်။

သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုနိုင်ဖို့အပြင် ဘာ့ကြောင့် ဒီသင်္ဘောနစ်မြုပ်ခဲ့ရတယ် ဆိုတာကိုပါ သေသေချာချာ ဖေါ်ထုတ်နိုင်ဖို့အတွက် တန်ချိန် ၇၀၀၀ နီးပါးရှိတဲ့ ကူးတို့သင်္ဘောကို ပြန်ဆယ်ယူဖို့ ဖိအားပေးမှု ကို တောင်ကိုရီးယား အစိုးရဟာ မပြတ်ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG