သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းက ၂ ရက်ဆက်တိုက် ပစ်ခတ်


ဒီပဲယင်း မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ
ဒီပဲယင်း မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ၂ ရက် ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့နယ်ထဲက ကျေးရွာတွေကိုလည်း စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့ အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပြီး၊ ကြောင်သန်းကျေးရွာထဲမှာ ဒေသခံ ၅၀ နီးပါးလည်း ပိတ်မိနေပါတယ်။ ဒီပဲယင်းနဲ့ ပုလဲ မြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ စစ်ဘေးရှောင် အခြေအနေတွေကို တင်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ၂ ရက်ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့က ပျံကျကျေးရွာနဲ့ ဧပြီ ၁ ရက် ညနေပိုင်းမှာတော့ ကြည်ရွာနဲ့ ဘုရားထွက် ရွာတွေကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“အခုပစ်နေတယ်။ ပစ်နေတယ်။ အဲ့ဒီရွာကိုလည်း မီးရှို့နေတယ်။ လေကြောင်းတိုက်ခိုက်မှု ၂ ရက်ရှိပြီး၊ မနေ့က ၁ ရက်၊ ဒီနေ့ ဒုတိယ မနေ့တုန်းက ပျံကျမှာ ဒီနေ့က ကြည်။ တိုက်ပွဲဖြစ်လို့ဆိုတာ ဘယ်လိုပြောရမလဲ မနေ့ကတည်းက အဲ့ကောင်တွေက အဲ့ထဲမှာပဲလေ ဒီနေ့အဖွဲ့တွေက ထုတာဘာညာတော့ ရှိတယ်။ ဒေသခံသေဆုံးတာ ဘာညာတော့ မကြားသေးဘူး။”

စစ်တပ်ဟာ မတ်လ ၂၇ ရက်ကတည်းက ဒီပဲယင်းမြို့နယ်ထဲကို ဝင်ရောက်လာပြီး၊ နယ်မြေရှင်းလင်းရေး လုပ်နေတာ ဒီကနေ့နဲ့ဆိုရင် ၆ ရက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ် ဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၁၉ ရွာခန့်က ဒေသခံ ၁ သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး၊ ဒီလို စစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်နေထိုင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ဒီပဲယင်း စစ်ရှောင်ကူညီ ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“နံပတ် ၁ က စားနပ်ရိက္ခာပေါ့။ ၂ ကတော့ နေစရာပေါ့။ ဒီနေ့ ညနေ ၂ နာရီ ၃ နာရီလောက်ကပေါ့ လေတွေမိုးတွေကျတော့ အဓိက က လေကျတာပေါ့။ အကာအကွယ်နဲ့ နေစရာ အခက်အခဲ ဖြစ်တယ်။ ရှောင်ကြတာက နီးစပ်ရာလူသူကင်းတဲ့ ဘုန်းကြီးကျောင်းလိုဟာမျိုး စာသင်ကျောင်းလို ဟာမျိုးတွေဆိုတော့ အဆောက်အအုံက တော်တန်ရှိသေးတာပေါ့။ ဒါပေမယ့် လေတွေမိုးတွေကျရင် အဲ့ဟာတော့ အခက်အခဲ ရှိတယ်။ စားနပ်ရိက္ခာက ရှောင်ရတာကိုက ၆ ရက် ရှိနေပြီ မနက်ဖြန်ဆို ၇ ရက်ရှိပြီ၊ တပတ်ရှိပြီဆိုတော့ အစားအသောက် ရိက္ခာအခက်အခဲ ဖြစ်နေပြီပေါ့နော်။ ကျွန်တော်တို့ကို အရမ်းအကူညီတောင်းတယ်။ ဟိုကကူညီပါအုံး ကျွန်တော်တို့ကလည်း ကျွန်တော်တို့အားနဲ့ မနိုင်တာပေါ့။”

ဒါက ဒီပဲယင်းမြို့နယ်ထဲက အခြေအနေပါ။ နောက်ထပ် စစ်ကိုင်းတိုင်းထဲကပဲ ပုလဲမြို့နယ်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။ လက်ရှိအချိန်မှာ စစ်တပ်ဟာ ပုလဲမြို့အနီးက ကြောင်သန်းကျေးရွာထဲမှာ တပ်စွဲထားပြီး ကျေးရွာထဲမှာ ဒေသခံ ၅၀ နီးပါး ပိတ်မိနေတယ်လို့ သခင်ဒေါင်းညို ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ပြောပြပါတယ်။

“ပုလဲမြို့ထဲမှာ တော်တော်ကြီးကို စစ်ရေးတင်းမာနေတယ်။ ဒီလထဲကော ရှေ့လထဲကော စစ်ကြောင်းတွေ တအားကို ထိုးနေတယ်။ ကြောင်သန်းရွာထဲမှာ ဒေသခံတွေ တော်တော်များများ ပိတ်မိနေတယ်။ ၅၀ ကျော် ၅၀ ကျော်လောက် ပြောတယ်။ ရွာထဲကို ဒီကောင်တွေက ပစ်ဝင်ဝင်တာဆိုတော့ ရွာသားတွေက သက်ကြီးရွယ်အိုတွေကော ပါတယ်။ သက်ကြီးရွယ်အိုတွေက မပြေးနိုင်တာပေါ့နော်။ ကျွန်တော်တို့ မျက်စိရှေ့မှာတင် ၃ ယောက် ဖမ်းသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာမှကို လုပ်လို့မရတာ။”

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံ အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ပုလဲ ပအဖ တာဝန်ရှိသူတွေက ပြောပါတယ်။

==== Unicode ====









XS
SM
MD
LG