မြန်မာနိုင်ငံက အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေရဲ့ သားကောင်အဖြစ် ထိခိုက်နစ်နာသူတွေထဲမှာ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်တဲ့အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ထိုင်းအစိုးရ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ထိုင်းတရားရေးဝန်ကြီး Tawee Sodsong က ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာရေးသားထားပါတယ်။
အသေးစိတ်ကိုတော့ ထိုင်းရဲတပ်ဖွဲ့က ရဲမှူးကြီးလည်းဖြစ် တရားရေးဝန်ကြီးလည်းဖြစ်တဲ့ Tawee Sodsong ပြောဆိုသွားခြင်းမရှိပါဘူး။
တချိန်တည်းမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ အပေါင်းပါ ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းဆီးမယ်ဆိုရင် မြန်မာနိုင်ငံ၊ အာဆီယံ၊ တရုတ်နိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ထိုင်းအစိုးရကို မနေ့က တောင်းဆိုထားပါတယ်။
သူတို့ကို ဖမ်းဆီးနိုင်ဖို့ သိပ်မခက်ခဲဘူးလို့ မြင်တဲ့အကြောင်း၊ ဒေသတွင်း ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်တဲ့အကြောင်း ထိုင်း တရားရေးဝန်ကြီးက ပြောဆိုပါတယ်။ နယ်စပ်ကျော်ရာဇဝတ်မှုတွေဟာ သက်ဆိုင်ရာနိုင်ငံတွေကို ခြိမ်းခြောက်နေတယ်ဆိုတာ လက်ခံတယ်ဆိုရင်၊ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့လည်း ထိုင်းတရားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။
Forum