သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Online အကျပ်ကိုင်မှုကာကွယ်ဖို့ ဘင်္ဂလားဒေရှ့်ကျောင်းသူတွေကို သင်တန်းပေး


အင်တာနက် ဆိုက်ဘာ ရာဇဝတ်မှုတွေ သိသိသာသာ တိုးလာနေတာကြောင့် အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ၊ ထိပါး စော်ကားမှုတွေကနေ ကာကွယ်နိုင်ဖို့ အတွက် ဘင်္ဂလားဒေရှ့် နိုင်ငံက ထောင်နဲ့ချီတဲ့ ကျောင်းသူလေးတွေကို စတင် လေ့ကျင့် သင်ကြားပေးနေပါတယ်။

ဘင်္ဂလားဒေရှ့် ရဲ့ မြို့ပြ ဒေသတွေက ကျောင်းသူတွေ အနေနဲ့ အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်မှုတွေနဲ့ ကိုယ်တွေ့ ကြုံလာရတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို သင်ကြားပေးတဲ့ စမ်းသပ် အစီအစဉ် တခုကို ဘင်္ဂလားဒေရှ့် အစိုးရက ဆောင်ရွက်ခဲ့တာပါ။

ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက ဆိုက်ဘာ ရာဇဝတ်မှု အများစုက မိန်းကလေးငယ်တွေကို ပစ်မှတ်ထားတာကြောင့် အစိုးရဘက်က အခုလို ဆောင်ရွက်ရတာလို့ ICT ဝန်ကြီး Zunaid Ahmed Palak က ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတဝန်းက ကျောင်းနဲ့ ကောလိပ် ၁ သိန်း ၇ သောင်းက ကျောင်းသား သန်း ၄၀ တို့မှာ ဆိုက်ဘာ ရာဇဝတ်မှုတွေကနေ ကာကွယ်ရေး သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ နှစ်စဉ် အင်တာနက် အသုံးပြုသူ တိုးလာနေပြီး အင်တာနက် လူမှု ကွန်ယက်တွေကို အသုံးပြုသူရဲ့ ထက်ဝက် နီးပါးက အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ ဖြစ်ပါတယ်။ ဆိုက်ဘာ ရာဇဝတ်မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းကလည်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ကျူးလွန်ခံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG