သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းခတွေ အများတတ်နိုင်တဲ့နှုန်း သတ်မှတ်သွားမည်ဟု Ooredoo ကုမ္ပဏီပြော


မြန်မာလူထုအတွက် တယ်လီဖုန်းသုံးစွဲခတွေဟာ တတ်နိုင်တဲ့နှုန်းထားဖြစ်ရမယ်လို့ Ooredoo ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောလိုက်ပါတယ်။ လာမယ့် ၁၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁,၅၀၀ ကိုရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး လုပ်ငန်းတွေကို စပြီး အကောင်အထည်ဖော်ပြီဆိုတာနဲ့ အကြီးမားဆုံးရှိနေတဲ့ စိုးရိမ်ချက်ကတော့ ပြီးမြောက်အောင်မြင်အောင် လုပ်သွားနိုင်ရေးပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရန်ကုန်မြို့၊ Park Royal ဟော်တယ်မှာ သောကြာနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Ooredoo ဆက်သွယ်ရေးကုမ္ပဏီ တာဝန်ရှိသူတွေ ပြောခဲ့ကြတာတွေကိုတော့ ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရထားတဲ့ နိုင်ငံခြားကုမ္ပဏီနှစ်ခုထဲက Ooredoo ကုမ္ပဏီဟာ ကာတာနိုင်ငံမှာအခြေစိုက်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က မတူကွဲပြားတဲ့လူမျိုးပေါင်း ၅၀ ကျော်နဲ့ဖွဲ့စည်းထား တဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်ဆိုတာကို ကုမ္ပဏီတာဝန်ရှိသူတွေက အလေးအနက်ပြောခဲ့ကြပါတယ်။

သတင်းစာရှင်းလင်းပွဲ အတွင်း အဓိကစိတ်ဝင်စားခဲ့ကြတဲ့ မေးခွန်းတစ်ခုကတော့ တယ်လီဖုန်းသုံးစွဲခတွေကို ဘယ်လိုသတ်မှတ် မလဲဆိုတာပါပဲ။ ဒါနဲ့ပတ်သက်ပြီး အတိအကျပြောဖို့ရာ စောပါသေးတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ Ross

"ဒီကြီးမားတဲ့လူဦးရေထဲက လူအများစုဆီ ရောက်နိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့နှုန်းထားတွေ သတ်မှတ်ရပါမယ်။ ကျနော်တို့ဟာ သိပ်ကို ယှဉ်ပြိုင်နိုင်စွမ်အား ကောင်းပါလိမ့်မယ်။ ဈေးနှုန်းနဲ့ပတ် သက်ပြီး နောက်ပိုင်းမှာ ကျနော်တို့ ပိုပြီးတော့ ပြောသွားနိုင်မှာဖြစ်ပါတယ်" လို့ Ooredoo ကုမ္ပဏီရဲ့ အကြီးတန်းကိုယ်စားလှယ် မစ္စတာ ရော့စ် ကောမက်က် (Ross Cormack) က ပြောသွားတာပါ။

သူတို့အနေနဲ့ လာမယ့် ၁၅ နှစ်အတွင်းမှာ ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး လုပ်ငန်းတွေကို အကောင်အထည် ဖော်ဖို့ ပြည်တွင်း လုပ်ငန်းလုပ်ဘက်တွေကို ရွေးချယ်သွားမှာဖြစ်သလို ဝန်ထမ်းတွေကိုလည်း ပြည်တွင်းက လူတွေကို ရွေးချယ် ခန့်အပ်ပြီးတော့ လေ့ကျင့်ပေးသွားမယ်လို့ ပြောပါတယ်။


လုပ်ငန်းတွေကို စပြီး အကောင်အထည်ဖော်ပြီဆိုတဲ့အချိန်မှာ အကြီးမားဆုံးဖြစ်လာဖွယ်ရှိတဲ့ စိုးရိမ်ချက်ကတော့ အောင်မြင်ပြီး မြောက်အောင် လုပ်ဆောင်နိုင်ရေးပဲဖြစ်ပါတယ်လို့ နောက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ထိန်းချုပ်လို့မရတဲ့ကိစ္စတွေအပေါ် စိုးရိမ်ပါတယ်။ လုပ်ငန်းတွေ ပြီးမြောက်အောင်မြင်အောင် အကောင်အထည် ဖော်ရေးပိုင်းမှာ အကြီးမားဆုံးစိုးရိမ်ချက်ရှိပါတယ်။ ဒီအခြေအနေထိ ကျနော်တို့ရောက်လာခဲ့ပြီဖြစ်ပေမဲ့ တကယ့်ကို ပင်ပင်ပန်းပန်း လုပ်ရမယ့်အပိုင်းက အခုမှစတာပါ။ အောင်မြင်ပြီးမြောက်ရေးဟာ အကြီးမားဆုံးစိုးရိမ်ချက်ဖြစ်ပေမဲ့ ဒါက ကျနော်တို့ လုပ်ရမယ့် အပိုင်းပါ။ လုပ်စရာတွေကို ပြီးအောင်လုပ်၊ စီမံကိန်းကို အကောင်အထည်ဖော်၊ ကွန်ယက်တွေကို တည်ဆောက်၊ ကျနော်တို့ရဲ့ စီးပွားရေးကိုတည်ဆောက်ပြီး ဖြစ်နိုင်သမျှ အကောင်းဆုံးစီးပွားရေးဖြစ်အောင် လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။"

Ooredoo ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာနီကိုလာစ် ဆွားဇီး (Nicholas Swierzy) က ပြောသွားတာပါ။

မြန်မာနိုင်ငံဟာ သူတို့အတွက် အာရှမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် လူဦးရေအားဖြင့် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး ပြိုင်ဘက်တွေ နဲ့ အပြင်းအထန် ယှဉ်ပြိုင်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ မစ္စတာရော့စ်ကလည်း ပြောပါတယ်။

Ooredoo ကုမ္ပဏီဟာ ကာတာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုပါတယ်။ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီနဲ့ Ooredoo ကုမ္ပဏီတို့ကို တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းလုပ်ဖို့ လိုင်စင်အတွက် ဇွန်လ ၂၇ ရက်နေ့မှာ ဆက်သွယ်ရေးဝန်ကြီးဌာနက ရွေးချယ်ခဲ့ပြီးတဲ့နောက် Ooredoo ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်ကွက်တာတချို့ အထူးသဖြင့် Facebook စာမျက်နှာတွေ ပေါ်မှာ ပေါ်လာခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရော့စ် ကောမက်က်ကတော့ သူတို့အနေနဲ့ လုပ်သမျှကို ပွင့်ပွင့်လင်းလင်း အသိပေးပြီး လုပ်ပြသွားမှာပါလို့ ပြောပါတယ်။

"ကျနော်တို့ဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုသွားမယ့်လူမျိုးတွေပါ။ မေးသမျှကို ကျနော်တို့တတ်နိုင်သမျှ အကောင်းဆုံး ဖြေကြားသွားမှာပါ။ ကျနော်တို့မှာ သတင်းကောင်းတွေရှိလာရင် အသိပေး ပြောဆိုသွားမှာဖြစ်သလို အနာဂတ်မှာ အမှားအယွင်းတွေ လုပ်မိခဲ့ရင်လည်း ကျနော်တို့ ပြောဆိုသွားမှာပါ။ ဒါဟာ ကျနော်တို့ရဲ့ ဈေးကွက်တွေမှာ လုပ်တဲ့ပုံစံပါပဲ။ ဒါဟာ မြန်မာနိုင်ငံက ကောင်းမွန်တဲ့လူတွေနဲ့လက်တွဲပြီး ကျနော်တို့ လုပ်ကိုင်သွားမယ့်ပုံစံပါပဲ။" လို့ -Ooredoo ကုမ္ပဏီရဲ့ အကြီးတန်းကိုယ်စားလှယ် ရော့စ် ကောမက်က်က ပြောခဲ့ပါတယ်။

လက်ရှိအချိန်ထိ ဆက်သွယ်ရေးဥပဒေတစ်ခုကို လွှတ်တော်က မပြဌာန်းနိုင်သေးပါဘူး။ ဒါပေမဲ့ Ooredoo ကုမ္ပဏီကတော့ ထွက်လာမယ့် ဥပဒေသစ်ပါ ပြဌာန်းချက်တွေအတိုင်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Ooredoo ကုမ္ပဏီဟာ ဖောက်သည်ပေါင်း ၉၃ သန်းရှိနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်အတွင်း ဝင်ငွေအားဖြင့်တိုင်းတာရင် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးတိုးတက်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပါတယ်လို့ မစ္စတာဆွားဇီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ သူတို့ရဲ့ဝန်ဆောင်မှုကို ဘယ်အချိန်မှာစမယ်ဆိုတာကိုတော့ မစ္စတာကောမက်က်က အတိအကျ ပြောမသွားပါဘူး။

သတင်း မီဒီယာတွေကို ပြောပြချင်ပေမဲ့လည်း သူတို့ရဲ့ ယှဉ်ပြိုင်ဘက်တွေကို မသိစေချင်လို့ကြောင့်ပါလို့ အကြောင်းပြခဲ့ပါတယ်။ Ooredoo ကုမ္ပဏီအနေ နဲ့ မြန်နှုန်းမြင့် 3G-HSPA ဆက်သွယ်ရေး နည်းပညာကို မြန်မာနိုင်ငံတဝန်းမှာ အသုံးပြုနိုင်အောင် တည်ဆောက်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက
ပြောခဲ့ကြပါတယ်ခင်ဗျား။
XS
SM
MD
LG