သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အမေရိကန် စီးပွါး ကုန်သွယ်မှုမှ တဆင့် ပြည်သူချင်း ချစ်ကြည်ရေးသို့


ရန်ကုန် အမေရိကန်သံရုံးမှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှု လုပ်ငန်းရုံး ဖွင့်လှစ် (ဇွန် ၆၊ ၂၀၁၄)
ရန်ကုန် အမေရိကန်သံရုံးမှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှု လုပ်ငန်းရုံး ဖွင့်လှစ် (ဇွန် ၆၊ ၂၀၁၄)
အမေရိကန် ကုမ္မဏီကြီးတွေဟာ မြန်မာနိုင်ငံတွင်း တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေ အကောင်အထည်ဖေါ်ရင်း မြန်မာနိုင်ငံစီးပွားရေးတိုးတက်အောင် တွန်းအားပေး ကူညီနေပါတယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker ရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ ကိုစည်သူကပြောပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ အကြား ကုန်သွယ်ရေးနဲ့ ရင်နှီးမြှုပ်နှံမှုတွေ ထိထိရောက်ရောက် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ရန်ကုန် အမေရိကန်သံရုံးမှာ အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှု လုပ်ငန်းရုံးကို ဖွင့်လှစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker က အခုလို ကြေညာလိုက်ပါတယ်။

"အမေရိကန် ကုမ္မဏီကြီးတွေဟာ အခုအချိန်မှာရော၊ အနာဂတ်မှာပါ ဒီမှာ လုပ်ငန်းတွေ လည်ပတ်နေကြပါပြီ။ ဒါကြောင့် စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ သာမက ပြည်သူတွေ အချင်းချင်း အတူတကွ ဆက်ဆံပြီး ဆောင်ရွက် သွားကြဖို့ဖြစ်ပါတယ်။ ဒါမှသာ ၂ နိုင်ငံပြည်သူတွေအတွက် အကျိုးရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတွေတွင်ကျယ် ထိရောက်စေဖို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှု လုပ်ငန်းရုံးကို ဖွင့်လှစ်လိုက်ပါပြီ။"

တချိန်တည်းမှာဘဲ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံကြတဲ့အမေရိကန်ကုမ္မဏီတွေဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ တာဝန်သိ ရင်းနှီးမြျုပ်နှံမှုလိုအပ်ချက်တွေနဲ့အညီ လုပ်ကိုင်နိုင်စေဖို့ မျက်ခြေ မပြတ်စောင့်ကြည့်နေ တယ်လို့လည်း ဝန်ကြီး Pritzker ကပြောပါတယ်။

"အမေရိကန်ကုမ္မဏီတွေဟာ လုပ်ငန်းလည်ပတ်တဲ့နေရာမှာ သိပ်ကို အဆင့်အတန်းမြင့်မားပြီး အမေရိကန်တွေအရေးတကြီး တန်ဖိုးထားတဲ့ အလုပ်သမား စံနှုံးတွေ၊ ယဉ်ကျေးမှုအပါအဝင် လူမှုစီးပွား စံနှုံးတွေကိုပါ လေးစားလိုက်နာရင်း ပွင့်လင်းမြင်သာ စွာဆောင်ရွက်နေကြတာပါ။ ဥပမာ၊ GAP အဝတ်အထည်ကုမ္မဏီ၊ Coca Cola အချိုရည် ကုမ္မဏီကြီးတွေဟာ မြန်မာအမျိုးသမီးတွေအတွက် ကျွမ်းကျင်မှု သင်တန်းတွေပေး၊ အလုပ်အကိုင်အခွင့်အလန်းတွေဖန်တီးပေးနေသလို APR စွမ်းအင်ကုမ္မဏီကလည်း မြန်မာပြည်သူ ၁၀% အတွက်လျှပ်စစ်မီးပံ့ပိုးပေးရင်း တာဝန်သိရင်းနှိးမြှုပ်နှံမှုတွေလုပ်နေကြပါတယ်။"

မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာလည်း အခြေခံအဆောက်အဦ ကအစ စိန်ခေါ်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု က ရင်းနှီးမြှုပ်နှံနိုင်ရေးစတာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့လို့လည်း ဆိုပါတယ်။

"ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ၊ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့လိုအပ်သလဲ၊ တရားဥပဒေစိုးမျိုးရေးလား၊ ပွင့်လင်းမြင်သာမှုလား၊ ဥပဒေဘောင်သတ်မှတ်ရေးလာ၊ ဥပဒေပြဌာန်းရေးလား၊ ဥပမာ ဘဏ်ဥပဒေ၊ နှစ်ဘက်ညှိနှိုင်းမှု၊ ထောက်ပို့ရေးပိုင်း လုပ်ထုံးလုပ်နည်း၊ စတာတွေကို ပွင့်ပွင့်လင်းဆွေးနွေးနိုင်ခဲ့လို့အကျိုးရှိပါတယ်။ စီးပွားရေး တိုးတက်ဖို့အမေရိကန်ဘက်က လုပ်ပေးနိုင်အောင်လည်း တွန်းအားပေးပံ့ပိုး သွားမယ်လို့ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေသာမက၊ ပြည်သူတွေအတွက်ပါ အကျိုးရှိစေဖို့ ဆောင်ရွက်မယ်လို့လည်းပြောပါတယ်။"

မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်ကတော့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးရဲ့ မှတ်ချက်ကို အားရတဲ့အကြောင်း အခုလိုပြောပါတယ်။

"Pritzker ပြောသွားတဲ့ Comments လေးတွေက ကောင်းပါတယ်။ အားလုံး အတွက် မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ Reform Process တွေ ကို တော်တော်လေး အားရတယ် ဆိုတဲ့ အကြောင်း အမေရိကန် Investment တွေကလည်း Responsible Investment တွေအဖြစ် Social Responsibilities အပြည့်နဲ့ လာပြီးတော့ ဒီမှာ ရင်းနှီးမြုပ်နှံပါမယ် ဆိုတဲ့ အကြောင်း ပြောတာဖြစ်တဲ့အတွက် ဒီ Comments တွေ အတွက် ကောင်းပါတယ်။ "

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဖေါ်ဆောင်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုအတော်များများကို လျှော့ပေါ့ပေးခဲ့ပြီး စီးပွားရေးတိုးတက်မှု ကျယ်ပြန့်လာအောင်တွန်းအားပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွ့ံ့ဖြိုးမှုဝန်ကြီးဌာနရဲ့ စာရင်းအရ အမေရိကန်ကုမ္မဏီတွေရဲ့ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ၂၄၃.၆ သန်းရှိကြောင်း ဧပြီလ ၃၀ နေ့က သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker ဟာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို မနေ့ကနေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ မြန်မာ့လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ပါတယ်
XS
SM
MD
LG