သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်ကွယ်လွန်ခြင်း အဝေးရောက် မြန်မာတွေရဲ့ အမြင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်သူလည်းဖြစ်၊ သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန်သွားတာဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ကြီးမားတဲ့ဆုံးရှုံးဖြစ်တယ်လို့ ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီရေးလိုလားသူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရေးမှာ ဂုဏ်သိက္ခာရှိရှိနဲ့ရပ်တည်ခဲ့တဲ့ ဦးဝင်းတင်ရဲ့ ရပ်တည်ချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဦးညွတ်ဂုဏ်ပြုခဲ့သလို၊ အမေရိကန်သံရုံးကလည်း ဝမ်းနည်းကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံရေးမှာ ဆရာဦးဝင်းတင်ရဲ့ ရပ်တည်ချက်တွေ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ အမြင်တွေကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်သူ လက်ရှိသဘာပတိအဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲ့ သက်တမ်းအကြာဆုံးနိုင်ငံရေးသမား စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည်နေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ဧပြီလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အခုလို ဆရာဦးဝင်းတင် ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ - "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သိက္ခာ၊ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရဲ့ သိက္ခာ၊ လူသားများသိက္ခာတို့ကို မြှင့်တင်ပေးတဲ့ ဆရာဦးဝင်းတင်ကို ဦးညွှတ်ဂါရဝပြုပါတယ်" ဆိုပြီး လက်ရေးမူနဲ့ ရေးပြီးတော့ ဆရာဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားအတွက် ဝမ်းနည်းခြင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရက်ခ် မစ်ချဲလ်ကလည်း ဆရာဦးဝင်းတင်ကွယ်လွန်သွားခဲ့တဲ့အပေါ်မှာ ဝမ်းနည်းကြောင်း ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ အဲဒီကြေငြာချက်မှာတော့ "ကျနော်ရဲ့ မိတ်ဆွေ ဦးဝင်းတင် ကွယ်လွန်သွားတဲ့အတွက် အထူးပဲ ဝမ်းနည်းမိပါတယ်။ သတင်းစာအယ်ဒီတာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပြီးတော့ ဆယ်စုနှစ် ၂ ခုလောက် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ ဦးဝင်းတင်ဟာ ရှာမှရှားတဲ့ လူ့ဂုဏ်သိက္ခာနဲ့ သတ္တိပိုင်ရှင်တဦးဖြစ်သလို သူ့ရဲ့ ဘဝကိုလည်း ဒီမိုကရေစီအခြေခံ သဘောတရားတွေနဲ့အညီ နေထိုင်ခဲ့တဲ့သူ။ အထူးသဖြင့်၊ အရမ်းကိုခက်ခဲတဲ့အချိန်မှာတောင်မှ သတင်းလွတ်လပ်ခွင့်အခြေခံမူတွေအတွက် တစိုက်မတ်မတ်လုပ်ခဲ့တဲ့သူပါ။ ထောင်ကလွတ်လာပြီးတဲ့အချိန်မှာလည်း ၊ တရားမျှတမှုကို ဆက်လက်ဖော်ဆောင်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက် ဖောင်ဒေးရှင်းတည်ထောင်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးမလွတ်မချင်း အကျဉ်းသားတွေ ဝတ်ဆင်တဲ့ အပြာရောင်အင်္ကျီကို ဆက်ပြီး ဝတ်နေခဲ့တယ်။ ဦးဝင်းတင်ကို အောင့်မေ့သတိရနေကြမှာဖြစ်သလို မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကမ္ဘာတဝှမ်းက ဦးဝင်းတင်ကို ချစ်ခင်မြတ်နိုးတဲ့သူတွေအတွက် သူ့အနေနဲ့ အလွန်ကို ဝမ်းနည်းမိတယ်" လို့ ကြေညာချက်မှာ ဆိုထားပါတယ်။

၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အပြင်းအထန်ဖိနှိပ်နေတဲ့ ကာလအတွင်း ပြည်ပရောက်ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အဝေးရောက် မြန်မာနိုင်ငံညွန့်ပေါင်း အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကလည်း "ဆရာဦးဝင်းတင်ဟာ အမှန်တရားအတွက် မကြောက်မရွံ့ဝေဖန်ပြောဆိုရဲပြီး ဒီမိုကရေစီအတွက် တစိုက်မတ်မတ် အရှုံးမပေးဘဲ လုပ်ဆောင်သွားခဲ့သူတစ်ယောက်ဖြစ်တယ်" လို့ ပြောလိုက်ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အပြည့်အဝ မဖော်ဆောင်နိုင်သေးခင် ဆုံးရှုံးလိုက်ရတဲ့အတွက် အထူးပဲ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

“သူ့ရဲ့သမိုင်းနဲ့ သူ့ရဲ့လုပ်ကိုင်မှုတွေက နိုင်ငံရေးအရလည်း အင်မတန်မှ ပြောင်မြောက်တယ်။ လူမှုရေးအရလည်း ပြောင်မြောက်တယ်။ သတ္တိလည်းရှိတယ်ပေါ့ဗျာ။ နောက်ဆုံးပိတ် မဆုတ်မတွန့်ဘဲနဲ့ ဆက်ပြီး ဒီအသက်အရွယ်အထိ ဆက်ပြီး လုပ်နေတာ။ ကျနော်တို့ ဆုံးရှုံးမှုပေါ့နော်။ အားလုံးဝမ်းနည်းတာပေါ့နော်။ အခုနပြောသလို အခုလို လမ်းခွပ်လတ်မှာ မရသေးဘူး။ ဗမာပြည်မှာ ဒီမိုကရေစီ မရှိသေးဘူး။ ဗမာပြည် ဒီမိုကရေစီ မရသေးဘူး။ ကျနော်တို့အားလုံး လိုချင်တဲ့ ပန်းတိုင် မရောက်သေးဘူး။ အဲဒီအချိန်မှာ ဒီလို လမ်းခွပ်လတ်ကနေ ဘဝပြောင်းသွားတဲ့အတွက် ကျနော်တို့အနေနဲ့ ဝမ်းနည်းတာပေါ့နော်။ မြင်စေ့ချင်တယ်ဗျာ။”

စစ်အာဏာရှင်စနစ်ကိုတော်လှန်တဲ့နေရာမှာ ဆရာဦးဝင်းတင်ဟာ ရပ်တည်ချက်ပြတ်သားသူ၊ စိတ်ဓါတ်ကြံ့ခိုင်သူ၊ မတရားမှုကို ဆန့်ကျင်တော်လှန်ပြီး စစ်အစိုးရကို ဘယ်တော့မှ ဒူးမထောက်သူစတာတွေအဖြစ်နဲ့ မြန်မာနိုင်ငံရေးမှာ လူအတော်များများကို သြဇာအရှိန်အဝါလွှမ်းမိုးနိုင်ခဲ့သူဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ကို လေးစားခဲ့တာတွေ၊ သူ့အပေါ်သြဇာလွှမ်းမိုးမှုရှိခဲ့တာတွေ နဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ ကိုမင်းဇင်က အခုလို ပြောပါတယ်။

“သူ့ကို ကျနော် ကြည်ညိုလေးစားတဲ့အချက်က ဘာလဲဆိုတော့ ကျင့်ဝတ်နဲ့ပတ်သက်လို့ရှိရင် အမှန်နဲ့အမှား ရှင်းလင်းတဲ့အမြင်ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ သတ္တိရှိတယ်ပေါ့။ ပြောရလို့ရှိရင် ကျင့်ဝတ်ဆိုင်ရာ သတ္တိပေါ့။ ဒီလိုမျိုး အမှောင်ခေတ်ထဲမှာ ကျင့်ဝတ်ဆိုင်ရာ သတ္တိကို မဆုတ်မနစ်ပေါ့နော်၊ ဒူးမထောက်ဘဲနဲ့ ရင်ကော့ပြီးတော့ နေနိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့ အင်မတန်မှ လေးစားပါတယ်။ သူ့ရဲ့ moral encourage ပေါ့။ နောက်တစ်ခုကတော့ အမြင်ရှင်းတဲ့ နိုင်ငံရေးမျက်လုံး၊ အမှန်အမှား၊ တရား-မတရား၊ ဘယ်သူက ဖိနှိပ်သူ၊ ဘယ်သူက အဖိနှိပ်ခံဆိုတဲ့ အမြင်ရှင်းတဲ့ နိုင်ငံရေးမျက်လုံးရှိတာကိုပေါ့။ အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ ဆုံးဖြတ်နိုင်အောင်တို့၊ ပြီးတော့ ရပ်တည်ချက် မပြတ်အောင်တို့ပေါ့နော်။ အဲလို နိုင်ငံရေးမျက်လုံးရှိအောင်လည်း သူက သွန်သင်တယ်လို့ ကျနော်ထင်ပါတယ်။”

ဒါ့အပြင် ဆရာဦးဝင်းတင်ဟာ လူငယ်တွေအပေါ်မှာလည်း လေးလေးစားစားဆက်ဆံတတ်ပြီး လူငယ်တွေရဲ့ အမြင်သဘောထားတွေကို အပြန်အလှန် ဆွေးနွေးပြီး ယုံကြည်တာဟာ သူ့ရဲ့ ထူးခြားတဲ့အရည်အသွေးတွေဖြစ်တယ်လို့လည်း ကိုမင်းဇင်က ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု နဲ့ လူမှုအဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့တဲ့ ဆရာဦးဝင်းတင်ရဲ့ ထူးခြားတဲ့အရည်အသွေးတွေ နဲ့ ပတ်သက်ပြီး ကိုမင်းဇင် ပြောတာကတော့ -

“အထူးသဖြင့် အခုခေတ်ပေါ့။ စပ်ကူးမတ်ကူးကာလ၊ ညီအကို မသိတသိအချိန်လိုမျိုးဖြစ်နေတာပေါ့နော်။ ရန်မဟုတ်၊ မင်းမဟုတ်တွေလည်း ပေါတဲ့အချိန်မှာ ဆရာဦးဝင်းတင်ရဲ့ ထူးခြားတဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမှုတစ်ခုကို ပြောပါဆိုလို့ရှိရင် ကျနော်မြင်တာကတော့ ဆရာဦးဝင်းတင်ဟာ ဒီလိုခေတ်ကြီးထဲမှာ မှန်မှန်ကန်ကန် ဒီလိုနေသွားလို့ ရတယ်ဆိုတဲ့ ကိုယ်ပြောသလို ကိုယ်ကျင့်တဲ့ပုဂ္ဂိုလ်မျိုးဆိုတာ ကျနော်တို့က ဆရာဦးဝင်းတင် သေတဲ့အထိ ဒါကို မြင်သွားရတာပေါ့။ ကျနော်တို့ နဂိုရ်ကလေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံရေးထဲမှာ အများကြီးရှိပါတယ်။ အင်မတန်မှ လေးစားခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ နဂိုရ်က မလေးစားဘဲ --- ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အခုလိုမျိုး ခေတ်ပြောင်း စနစ်ပြောင်း စပ်ကူးမတ်ကူး ကာလမှာ အသွင်ကူးပြောင်းရေးကာလ၊ ညီအကို မသိတသိအချိန်မှာ အကုန်လုံးက မျက်နှာဖုံးတွေ ကွာကျကုန်တယ်။ တချို့ တချိန်က လေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေလည်း တစက်မှ လေးစားစရာ မကောင်းတော့တာ တွေ့ရတယ်။ တချိန်က စက်ဆုတ်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေကလည်း မဆိုးပါဘူးဆိုပြီး နေလို့ရတာတွေ ရှိတယ်။ တချို့လည်း ပို စက်ဆုတ်ဖို့ ကောင်းတဲ့ဟာတွေလည်း ရှိတယ်။ ဒီကြားထဲမှာ ဆရာဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးက သူပြောသလို သူနေသွားတယ်ပေါ့ဗျာ။ ပုဂ္ဂိုလ်ရေးအရ မက်မောမှု ဘာမှ… ပုဂ္ဂိုလ်ရေးအရ အကျိုးစီးပွားတွေ ဘာမှ မငဲ့ဘဲ ပြောသလို နေပြသွားတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ကြောင်သူတော်တွေ ထွန်းကားတဲ့ခေတ်မှာ မသူတော်တွေ ထွန်းကားတဲ့ခေတ်မှာ အပြောနဲ့အလုပ် ညီအောင် နေပြသွားတဲ့ တနည်းအားဖြင့် သူ့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဟာ တော်တော်လေးကို တဖြောင့်တည်းကျအောင် နေသွားတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဒါကတော့ ဒီနေ့ စပ်ကူးမတ်ကူးကာလ ညီအကို မသိတသိအချိန်မှာ အထွန်းပြောင်ဆုံး၊ အလင်းလက်ဆုံး၊ အတောက်ပဆုံး နမူနာ အကျိုးပြချက်လို့ ကျနော် ထင်ပါတယ်။”

ဆရာဦးဝင်းတင်ရဲ့ ဈာပန ဂုဏ်ပြုအခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ် နဲ့ ပြည်လမ်းမှာရှိတဲ့ ယုဒဿန်ခမ်းမတွေမှာ ကျင်းပသွားမှာဖြစ်ပြီး ဈာပနအခမ်းအနားကိုတော့ ရေဝေးသုဿန်မှာ မနက်ဖြန် ဧပြီလ ၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာနေ့လည် ၁၂ နာရီကနေ ၅ နာရီအထိကျင်းပသွားမှာဖြစ်ပြီး အဲဒီနောက်မှာ ဂူသွင်းမြုပ်နှံသွားမှာဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG