သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီအပြောင်းအလဲ ပြည်ခိုင်ဖြိုးအမတ်များရဲ့ တုံ့ပြန်ချက်


ပြီးခဲ့တဲ့ရက်ပိုင်းက ပြောင်းလဲလိုက်တဲ့ ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင် အပြောင်းအလဲဟာ ပါတီတွင်း ဂိုဏ်းဂဏကွဲတာ မဟုတ်ဘူးလို့ ကြေညာထားပေမဲ့ အချို့သော ပါတီဝင်တွေကတော့ ဒီအပြောင်းလဲအပေါ် မေးခွန်းထုတ်နေကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတီကိစ္စတွေကို သမ္မတအနေနဲ့ ပါဝင်လုပ်ဆောင်ခွင့် မရှိရဘူးလို့ အတိအလင်း ပြောဆိုထားပေမဲ့ ဒါကို ချိုးဖောက်ကာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အပြောင်းအလဲကို လုပ်ဆောင်ခဲ့တယ်လို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး နေပြည်တော်မှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ သဘောထားကို မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ သြဂုတ်လ ၁၂ ရက်နေ့ ညနဲ့ သြဂုတ်လ ၁၃ ရက်နေ့ အဖြစ်အပျက်တွေအပေါ်မှာ ပါတီဝင်အချို့သုံးသပ်မှုတွေကတော့ မတူညီပါဘူး။ အပြောင်းအလဲကို ထောက်ခံသူရှိသလို ကန့်ကွက်မှုတွေလည်း ရှိပါတယ်။ အပြောင်းအလဲအရ ပါတီ ဥက္ကဌရာထူးကို ပူးတွဲတာဝန်ယူထားတဲ့ ဒုဥက္ကဌ ဦးဌေးဦးက အခုလို အပြောင်းအလဲဟာ ပါတီတိုင်းမှာ လုပ်လေ့လုပ်ထရှိတဲ့ အပြောင်းအလဲတခုလို့ ပြောပါတယ်။ ညအချိန်မတော် အစည်းအဝေး လုပ်တာကလည်း အားတဲ့အချိန် အားသလို လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။ ပါတီအပြောင်းအလဲမှာ သမ္မတပါဝင်နေတယ်လို့ ပြောဆိုမှုအပေါ် သူက အခုလို ရှင်းပါတယ်။

“ပါတီကိစ္စ ဆောင်ရွက်တာမဟုတ်ဘူး။ သူ့မှာပေးထားတဲ့တာဝန်ကို သူကြိုက်တဲ့သူ သူလွှဲလို့ရတယ်။ လွှဲပေးတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတက လိုက်နာမှာပေါ့။ ဥက္ကဌဖြစ်တဲ့အတွက် သူ့ဥက္ကဌတာဝန်ကို သူမလုပ်ဘူး။ မလုပ်တဲ့အတွက် ကြိုက်တဲ့သူ သူပေးလို့ရတယ်။ ခင်ဗျား ခုနတုန်းက ပထမဆုံးတခါ လွှဲပေးတုန်းကလည်း သူ သမ္မတဖြစ်မှ ပေးတာပဲ။”

ဒီအပြင် ပြောင်းလဲလိုက်တဲ့ ဥက္ကဌနဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“လွှဲပြောင်းတော့ ကျနော်ဖြစ်နေတယ်။ ဖြစ်နေတဲ့အချိန်မှာ CEC အဟောင်းနဲ့ ကျနော်လုပ်တယ်။ လုပ်တဲ့အချိန်မှာ CEC အဟောင်းထဲက လူတွေက ပြောင်းလဲဖွဲ့စည်းပါ။ လူငယ်တွေရော၊ လူလတ်တွေရော၊ လူကြီးတွေရော ပြောင်းလဲဖွဲ့စည်းပါဆိုပြီး CEC အဟောင်းက ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အချိန်ကျတော့ CEC အဟောင်းကပဲ ဘယ်သူတွေနဲ့ ဖွဲ့မလဲဆိုတာကို သုံးသပ်တယ်။ အဲတော့ ပြောစရာရှိပါတယ်။ ဒါ အစိုးရပါလာတယ်၊ တပ်ကပါလာတယ်။ အကုန်လုံးသိတယ် ကျနော်တို့။ ပြည်သူထဲကလူတွေလည်း သိတယ်။ သိတဲ့လူတွေ ခေါ်မှာပေါ့။ လုပ်နိုင်တဲ့သူတွေ၊ စွမ်းရည်တွေသိတော့ စွမ်းရည်တွေအတိုင်း ခေါ်တာပေါ့။ အရင် CEC အဟောင်းကတော့ တော်တော်များများ ပါတယ်။”

ဒိလိုပြောဆိုခဲ့ပေမဲ့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရတဲ့ ပါတီဝင် သာပေါင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းကတော့ သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

“ရဲတောင် ရိုးရိုးရဲတောင် မဟုတ်ဘူး။ အရာရှိ အပွင့်တွေနဲ့ အပြည့်ကြီးဖြစ်နေတယ်။ အဲတော့ အဲဒီမြင်ကွင်းအရ သုံးသပ်ရင် ရိုးရိုးလေးပဲ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ဝန်ကြီးတယောက်ယောက်ရဲ့ အဆင့်နဲ့ ဒီအထဲကို ရောက်လာရင် သူတို့ကိုပေးထားတဲ့ လုံခြုံရေး အဆင့်အတန်းက ဒီကို ပါလာရမယ်။ အခုက လုံးလုံးဝင် လုံးလုံးမထွက်ရဘူးဆိုတော့ ဆရာတို့ တွေ့လိုက်ရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားဟာ ဒီထဲကိုရောက်နေတဲ့ တာဝန်ရှိ နိုင်ငံအကြီးအကဲတွေကို ပုံမှန်ပေးထားတဲ့ လုံခြုံရေး ပမာဏ မဟုတ်ဘူး။ နောက်ပြီး သူတို့လာရင်းနဲ့ ပါလာတာမဟုတ်ဘူး။ တပိုင်းက ပြန်ပြောတော့ နိုင်ငံတော်သမ္မတကြီး မလာပါဘူး။ သူ့ဟာသူ CEC နဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ လုပ်သွားပါဆိုပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပါတီက လူတွေက သူတို့ကိုပေးမထားတဲ့ လုံခြုံရေး အဆင့်အတန်းရှိတဲ့ အဲဒီလူတွေကို ခေါ်နိုင်သလားဆိုတဲ့ မေးခွန်းက ရှိလာပြီ။”

ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကတော့ ပါတီအပြောင်းအလဲအပေါ် ထောက်ခံ ကြိုဆိုပေမဲ့ ပြောင်းလဲတဲ့ ပုံစံအပေါ် အခုလို ပြောပါတယ်။

“ဘယ်တိုင်းပြည်မဆို ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စစ်တပ်ကျောထောက်နောက်ခံ မရှိတဲ့နိုင်ငံ၊ စစ်တပ်ကျောထောက်နောက်ခံ မရှိတဲ့ပါတီကတော့ ကျဆုံးမှာပဲ။ ဗြောင်ပြောတာပါ။ တပ်မတော်နဲ့ ဦးရွှေမန်းရဲ့ လုပ်ဆောင်ချက်တွေနဲ့က တဖြေးဖြေး ကင်းကွာလာတယ်။ အဲဒါ တချက်ပါတယ်။ နောက်တချက်က ဦးရွှေမန်းက အတိုက်အခံနဲ့ နီးစပ်လာတယ်လို့ ကျနော်တို့က ထင်တယ်။ နောက်ဆုံးတခုကတော့ သူဟာ ပါတီဥက္ကဌရာထူးကို တကယ့်အစစ်အမှန်က သူက အာဏာသိမ်းတာ။ သူက အရင်သိမ်းတာ၊ ဒါ ၂၀၁၀ ကတည်းက ပထမအကြိမ် ပါတီညီလာခံကတည်းက ဒီလိုဖြစ်တာ။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်က သူ့နေရာ သူ ပြန်ယူတာပါခင်ဗျ။ ဒီလို လဲလိုက်တာကို ကျနော့်အနေနဲ့ လုပ်ထုံးလုပ်နည်းအရ မှန်တယ်။ ဒါပေမဲ့ လဲလိုက်တဲ့ပုံစံက ဒီမိုကရေစီမဆန်ဘူး။ ကျနော် အဲဒါကိုတော့ မကြိုက်ဘူး။”

ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းသန်းဦးကတော့ ပါတီအပြောင်းအလဲမှာ သမ္မတ ပါဝင်မှု ရှိ မရှိကို သီးခြား မှတ်ချက် မပေးလိုကြောင်း၊ သမ္မတအနေနဲ့ အခြေခံဥပဒေပါ အချက်ကို ချိုးဖောက် မဖောက် ဆိုတာမှာ တင်ပြသူရှိမှ အခြေခံဥပဒေခုံရုံးက စိစစ်နိုင်မှာဖြစ်ကြောင်း သူက ပြောပါတယ်။

“အားလုံး ပူပန်နေကြတဲ့ကိစ္စက ပူပန်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီ အောက်ခြေပါတီက နားလည်သဘောပေါက်မှု လွဲသွားမှာကိုပဲ ကျနော်တို့က စိုးရိမ်တာပါ။ ကျနော်တို့ ခေါင်းဆောင် အပြောင်းအလဲဆိုတာက ကျနော်တို့ ခေါင်းတွဲပဲ ပြောင်းသွားတဲ့ သဘော ရှိပါတယ်။ ဦးဆောင်မှု မူဝါဒတွေက လူပဲပြောင်းတာပါ။ မူတွေက နဂိုအတိုင်းဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ အဲဒီ ဦးဆောင်တဲ့ မူပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်ခိုင်ဖြိုးပါတီတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စဟာ ဒီမိုကရေစီ နည်းလမ်းအတိုင်း ကျင့်သုံးနေပါတယ်ဆိုတာ မျှော်လင့်လို့ မရဘူး လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် အခြား နိုင်ငံရေး လေ့လာသုံးသပ်သူတွေကလည်း ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

XS
SM
MD
LG