သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Orlando အကြမ်းဖက်မှု ပြည်ပ ညွှန်ကြားတဲ့ သက်သေမတွေ့ရ


အော်လန်ဒိုမြို့ နိုက်ကလပ်တွင် ဖြစ်ပွားခဲ့သော သေနတ် ပစ်ခတ်တိုက်ခိုက်မှုအတွက် ဂျွန်လ ၁၂ရက်နေ့က အတ္တလန်တာ မြို့တွင် ပြုလုပ်သော အောက်မေ့ဖွယ် အခမ်းအနားတွင် ဆုတောင်းနေကြသူများကို တွေ့ရစဉ်။ ဓါတ်ပုံ (အေပီ)
အော်လန်ဒိုမြို့ နိုက်ကလပ်တွင် ဖြစ်ပွားခဲ့သော သေနတ် ပစ်ခတ်တိုက်ခိုက်မှုအတွက် ဂျွန်လ ၁၂ရက်နေ့က အတ္တလန်တာ မြို့တွင် ပြုလုပ်သော အောက်မေ့ဖွယ် အခမ်းအနားတွင် ဆုတောင်းနေကြသူများကို တွေ့ရစဉ်။ ဓါတ်ပုံ (အေပီ)

အမေရိကန်ပြည်ထောင်စု Florida ပြည်နယ် Orlando မြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက လူအမြောက်အများသေကြေအောင် ပြစ်ခတ်ခဲ့သူကို ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းတွေက ညွှန်ကြား ခိုင်းစေခဲ့တယ်ဆိုတဲ့ ရှင်းလင်းတဲ့ အထောက်အထား မရှိသေးဘူးလို့ သမ္မတ Barack Obama က ပြောလိုက်ပါတယ်။ လိင်တူ စုံမက်သူတွေ အသွားများတဲ့ Night club တခုမှာ လူပေါင်း ၄၉ ယောက် သေဆုံးအောင် ပြစ်ခတ်ခဲ့မှုကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ်နဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ သမ္မတ Obama က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီး ပြောပြပါလိမ့်မယ်။

Orlando မြို့က Pulse ဆိုတဲ့ Night Club ထဲကို တနင်္ဂနွေနေ့ မနက် ၂ နာရီ လောက် မှာ ဝင်ရောက်ပြစ်ခတ်ခဲ့သူ သေနတ်သမား Omar Mateen ဟာ ရဲတွေရောက်လာတဲ့အတွက် ဓားစားခံတွေကို ဖမ်းပြီး အိမ်သာထဲမှာ ပုန်းနေစဉ် အရေးပေါ် တယ်လီဖုန်း နံပါတ်ကို ဆက်သွယ်ပြီး သူဟာ IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီညက ရဲတွေနဲ့အပြန်အလှန် ပြစ်ခတ်မှုအတွင်း Omar Mateen မသေဆုံးခင် သူ့ရဲ့လက်ချက်ကြောင့် ၄၉ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြတာပါ။ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS စစ်သွေးကြွအဖွဲ့က တနင်္လာနေ့မှာ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ သေနတ်သမားကို ပြည်ပ အကြမ်းဖက်ကွန်ယက်ကြီးတခုက ညွှန်ကြားခဲ့တယ်ဆိုတဲ့ သက်သေ ရှင်းရှင်းလင်းလင်း မတွေ့ရသေးဘူးလို့ သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြစ်ခတ်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် မှတ်ယူ စုံစမ်း စစ်ဆေးနေတဲ့အကြောင်း ခုလို သမ္မတကပြောပါတယ်။

”ကျွန်တော်တို့ ပြောနိုင်တာ တခုကတော့ ဒီကိစ္စကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတာပါ၊ အင်တာနက်ပေါ်မှာ ဖြန့်ချီနေတဲ့ အစွန်းရောက်အမြင် သဘောတရားတွေက သေနတ်သမားကို လှုံဆော် အားကျစေခဲ့ပုံရပါတယ်။ ခုလို တိုက်ခိုက်မှုမျိုး လုပ်ရလောက်အောင် သေနတ်သမား ဘာကြောင့် ဆုံးဖြတ်ခဲ့ရသလဲဆိုတာ ပိုပြီးသိနိုင်ဖို့ အဲဒီအချက်အလက်တွေ အားလုံးကို ရှာဖွေစုံစမ်းနေပါတယ်။ FBI ညွှန်ကြားရေးမှူး James Comey ပြောပြချက် အရ ကတော့ သေနတ်သမားကို ပြည်ပကနေ ညွှန်ကြား ခိုင်းစေတဲ့ အထောက်အထား ရှင်းရှင်းလင်းလင်း အခုထိ မတွေ့ရသေးပါဘူး။ သူဟာ IS စစ်သွေးကြွအဖွဲ့ကို သစ္စာခံသူဖြစ်တယ်လို့ နောက်ဆုံး အခြေအနေရောက်လို့ အသိပေးပုံရပါတယ်။ ဒါပေမဲ့ သစ္စာခံထားတဲ့ အထောက်အထားတွေ မတွေ့ရသလို အဲဒီအဖွဲ့က သူ့ကို ညွှန်ကြားတဲ့ အထောက်အထားတွေလဲ ခုထိ မတွေ့ရပါဘူး။ ပိုပြီးကြီးကျယ်တဲ့ တိုက်ခိုက်မှုတွေ လုပ်မဲ့ အစီအစဉ်ထဲက တခုအဖြစ် သူလုပ်ခဲ့တယ် ဆိုတာမျိုး အထောက်အထားတွေလဲ ခုချိန်အထိ မတေ့ွရပါဘူး။”

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ ပြစ်ခတ်တိုက်ခိုက်မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေဟာ အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သဘောထားစုံစမ်းနေကြတာပါ၊ အစွန်းရောက်အမြင်ရှိတဲ့ Website တွေ၊ အကြမ်းဖက်မှုအားပေးတဲ့ အင်တာနက်စာမျက်နှာတွေကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

“လောလောဆယ်မှာ ကျွန်တော်တို့ဖက်က ပြောနိုင်တာက ကျွန်တော်တို့အားလုံး ဟိုးအရင်ထဲက အင်မတန် စိုးရိမ်နေကြသလို အစွန်းရောက် အတွေးအခေါ်တွေ နိုင်ငံထဲမှာတင် ပေါက်ဖွားလာမှုရဲ့ ဥပမာ တခုဖြစ်တယ် ဆိုတာပါ။ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးတယ်ဆိုတဲ့ နောက်ကြောင်း သူ့မှာ မရှိတဲ့အတွက် သူဟာ လက်နက်တွေကို တရားဝင်ဝယ်ယူနိုင်ခဲ့ပုံရပါတယ်။ ဒီလက်နက်တွေ သူမဝယ်နိုင်အောင် တနည်းနည်းနဲ့ တားဆီးနိုင်လောက်တဲ့ ရာဇဝတ်မှု မှတ်တမ်း သူ့မှာ မရှိခဲ့ပါဘူး။”

ရဲတွေနဲ့ အပြန်အလှန်ပြစ်ခတ်စဉ် သေဆုံသွားတဲ့ အသက် ၂၉ နှစ်အရွယ် Omar Mateen ဟာ Florida ပြည်နယ် Fort Pierce မြို့ကဖြစ်ပါတယ်။ သူ့ကို FBI က ၂ ကြိမ် စုံစမ်းစစ်ဆေးခဲ့ဖူးတယ်လို့ FBI ညွှန်ကြားရေးမှူး James Comey က တနင်္လာနေ့က သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

ပထမတခေါက်က ၂၀၁၃ ခုနှစ်တုန်းကဖြစ်ပြီး သူဟာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပက်သက်နေပါတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေကို ပြောခဲ့တဲ့အတွက် FBI ကသူနဲ့ ပက်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂ လကြာစုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့အခါ ခိုင်မာတဲ့ အထောက်အထားမရှိတဲ့အတွက် အဲဒီစုံစမ်းမှုကို ရပ်ခဲ့ပါတယ်။ ဒုတိယ တခေါက်ကတော့ ၂၀၁၄ခုနှစ် မှာဖြစ်ပြီး ဆီးရီးယား နိုင်ငံမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သူ Nusra Front အကြမ်းဖက်အဖွဲ့ဝင် အမေရိကန်နိုင်ငံသား တယောက်နဲ့ သေနတ်သမား Omar Mateen တို့ သိကျွမ်းကြတယ် ဆိုတဲ့အပေါ် စုံစမ်းခဲ့တာပါ။

ဒါပေမဲ့ သူတို့ ၂ ယောက် ဗလီတခုထဲ အတူတက်ကြလို့ သိကြတာကလွဲလို့ ပါတ်သက်မှု မရှိဘူးလို့ စုံစမ်းတွေ့ရှိခဲ့တာကြောင့် သူ့အပေါ် ဆက်ပြီး စုံစမ်းမှုတွေ မလုပ်ခဲ့တာလို့ FBI ညွှန်ကြားရေးမှူး Jamea Comey က ရှင်းပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဘာကြောင့် သေနတ်သမား ခုလို လုပ်ခဲ့တယ်ဆိုတာသိအောင် အသေအချာ စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဒီအမှုကို ဆက်ပြီး စုံစမ်းသွားမှာဖြစ်သလို အရင် အခြေအနေတွေ ကိုလဲ ပြန်ပြီး စစ်ဆေးသွားမှာပါ။ အဲဒီညက ဖြစ်ခဲ့တဲ့ ဆိုးဝါးတဲ့ အဖြစ်အပျက်မျိုးဘာကြောင့် ဖြစ်ခဲ့ရသလဲဆိုတာ နားလည်နိုင်ဖို့ နေ့ရောညပါ မနားမနေ စုံစမ်းသွားပါမယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို မဖြစ်အောင် သူနဲ့ပက်သက်ပြီး တနည်းတဖုံ ကိုင်တွယ်ခဲ့သင့်သလား ဆိုတာကိုလဲ သုံးသပ်သွားမှာ ဖြစ်ပါတယ်။”

Pulse night club မှာ သေနတ်သမား Omar Mateen ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့သူ ၄၉ ယောက်ဟာ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ တစစနဲ့ ပေါ်ထွက်လာ နေပါတယ်။ သက်ဆိုင်ရာ မိသားစုတွေကို အသိပေးပြီးတဲ့နောက် ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက ထုတ်ပြန်နေပါတယ်။

အဲဒီညက ပြစ်ခတ်မှုမှာ နောက်ထပ် ၅၃ ယောက်လဲ ဒဏ်ရာရခဲ့ပြီး၊ တချို့က သေနတ် ဒဏ်ရာ တချက်မက ရရှိထားကြသလို ၅ ယောက်ရဲ့ အခြေအနေဟာ စိုးရိမ်ရတယ်လို့ Orlando ဆေးရုံရဲ့ Twitter လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

လိင်တူစုံမက်သူတွေကြား ရေပန်းစားတဲ့ Pulse night club မှာ အဲဒီညတုန်းက ပရိတ်သတ် ၃၀၀ ကျော်လာရောက်ဆင်နွဲတဲ့ Latin ဂီတဖျော်ဖြေပွဲ ကျင်းပ နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG