သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Orlando အကြမ်းဖက်မှှု နိုင်ငံတကာ တုံ့ပြန်


ဂျွန်လ ၁၃ရက်နေ့က ဖလော်ရီဒါ ပြည်နယ် အော်လန်းဒိုး မြို့ရှိ Pulse နိုက်ကလပ် တိုက်ခိုက်မှု အတွင်း သေဆုံးသွားသူ များအတွက် ယာယီ ပြုုလုပ်ထား သော အောက်မေ့ဖွယ် နေရာတွင် အမှတ်တရ ပန်းစည်း ချထားရင်း ဝမ်းနည်းပူဆွေးနေ သူတစ်ဦး။ (AP Photo/Chris O'Meara)
ဂျွန်လ ၁၃ရက်နေ့က ဖလော်ရီဒါ ပြည်နယ် အော်လန်းဒိုး မြို့ရှိ Pulse နိုက်ကလပ် တိုက်ခိုက်မှု အတွင်း သေဆုံးသွားသူ များအတွက် ယာယီ ပြုုလုပ်ထား သော အောက်မေ့ဖွယ် နေရာတွင် အမှတ်တရ ပန်းစည်း ချထားရင်း ဝမ်းနည်းပူဆွေးနေ သူတစ်ဦး။ (AP Photo/Chris O'Meara)

အမေရိကန်နိုင်ငံ သမိုင်းမှာ အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့တဲ့နောက် ကမ္ဘာ အရပ်ရပ်က ဘာသာရေး နဲ့ နိုင်ငံ့ ခေါင်းဆောင်တွေက က ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး၊ ဆုတောင်း သဝဏ်လွှာတွေလည်း ပေးပို့ခဲ့ကြပါတယ်။

ဖလော်ရီဒါ ပြည်နယ် အော်လန်ဒို မြို့က လိင်တူချင်း ချစ်သူတွေ သွားရောက်လေ့ ရှိတဲ့ နိုက်ကလပ်မှာ ဂျွန်လ ၁၂ရက်နေ့က သေနတ်သမား တစ်ဦးရဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ပြီးတဲ့နောက်၊ သေနတ်သမား ကိုယ်တိုင် အပါအဝင် လူပေါင်း ၅၀ကျော် သေဆုံးပြီး၊ ၅၃ဦး ဒဏ်ရာရ သွားကြတာ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ Francois Hollande က ဖလော်ရီဒါ ပြည်နယ် အော်လန်းဒိုး မြို့၊ ဂေးနိုက်ကလပ်မှာ ဖြစ်သွားတဲ့ သနတ် ပစ်ခတ် အကြမ်းဖက် တိုက်ခိုက်မှုကို ပြစ်တင် ရှုံ့ချကြောင်း ဂျွန်လ ၁၃ရက်နေ့က ပြောပါတယ်။

”ပြင်သစ်နိုင်ငံ အနေနဲ့ ကမ္ဘာ အရပ်ရပ်က နေရာတိုင်းမှာ သူတို့ရဲ့ ယုံကြည်မှု တန်ဖိုးတွေအတွက် တိုက်ပွဲဝင်နေတဲ့ ယောကျ်ား မိန်းမတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ တန်းတူညီမျှမှုအတွက် ပိုပြီး အားသွန်ခွန်စိုက် တိုက်ပွဲ ဝင်သွားပါမယ်။”

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း အမေရိကန်နိုင်ငံအတွက် ဝမ်းနည်းကြောင်း ဝန်ကြီး အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။ အစ္စရေးနိုင်ငံ အနေနဲ့ အမေရိကန် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေတယ် လို့ ပြောသွားပါတယ်။

“ဒီအကြမ်းဖက်တိုက်ခိုက်မှုကြီးဟာ တကမ္ဘာလုံးကို ထိတ်လန့် တုန်လှုပ်သွားစေ ပါတယ်။ အရင်ဆုံး အမှန်ကို သိမြင်တဲ့ နိုင်ငံအားလုံးဟာ စုစည်းညီညွှတ်ဖို့ လိုပါတယ်။ ဒီလို အကြမ်းဖက်မှုကို တုန့်ပြန် တိုက်ပွဲဝင်နိုင်ဖို့အတွက် အမေရိကန် ပြည်သူတွေနဲ့ တစိတ်တစ်ဝမ်းတည်း ရှိနေမယ်လို့ ပြောလိုပါတယ်။”

ယူကေနိုင်ငံမှာတော့ အော်လန်ဒိုမြို့က လိင်တူချစ်သူတွေကို မုန်းတီးတဲ့ စိတ်နဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ သူတွေ အပေါ် လေးနက်မှု ပြသတဲ့အနေနဲ့ တစ်မိနစ် ငြိမ်သက်စွာ နေပေးဖို့ ယူကေ ပါလီမန်ရဲ့ အောက်လွှတ်တော် နာယက John Bercow က မေတ္တာ ရပ်ခံပြီး တစ်မိနစ် ငြိမ်သက်စွာ နေခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကတော့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေနဲ့ အတူ ပါဝင် ဆုတောင်းပြီး၊ ဂရုဏာတရား ပွားများ နေကြောင်း ဗာတီကန် က ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုအတွက် ဝါရှင်တန် ဒီစီကို ရောက်ရှိနေတဲ့ တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်လားမားက အော်လန်ဒိုမြို့ အကြမ်းဖက် တိုက်ခိုက်မှုဟာ အလွန် ပြင်းထန်တဲ့ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်လို့ ပြောလိုက်ပြီး၊ ဘာသာရေးအရ သဟဇာတဖြစ်စွာ နေထိုင်နိုင်ဖို့ အရေးကြီးတဲ့ အကြောင်း ပြောသွားပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှုး နဲ့ အော်လန်ဒို မြို့တော်ဝန်တို့ဆီကို ဝမ်နည်းကြောင်း တနင်္ဂနွေနေ့က စာရေးသားပေးပို့ခဲ့ပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်မှုမျိုးဟာ အမုန်းတရားကြောင့် ဖြစ်ပေါ် လာတာ ဖြစ်ပြီး၊ ကုလသမဂ္ဂ အဖွဲ့ကြီးကို ဖန်တီးထားတဲ့ တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနဲ့ အပြန်အလှန် လေးစားမှု တန်ဖိုးတွေနဲ့ ဖီလာ ဆန့်ကျင်နေတယ်လို့ ကုလ အထွေထွေ အတွင်းရေးမှုးချုပ်က ဒီစာထဲမှာ ပြောထားပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကတော့ ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံက မိတ်ဆွေတွေ နဲ့ အတူ ဝမ်းနည်းပူဆွေးပြီး၊ LGBT အသိုက်အဝန်းနဲ့ အတူ ခိုင်မာစွာ ရပ်တည် နေကြောင်း ပြသဖို့ လိုပါတယ် လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

မကြာခင်က လန်ဒန် မြို့တော်ဝန်အဖြစ် ရွေးကောက် တင်မြှောက်ခံရတဲ့ ပထမဆုံး အစ္စလာမ် ဘာသာဝင် ဖြစ်တဲ့ Sadiq Khan က သူ့အနေနဲ့ အော်လန်ဒို မြို့နဲ့ အတူရပ်တည်ပြီး၊ အမုန်းတရားနဲ့ ရိုင်းစိုင်းမှုတွေကို ဆန့်ကျင် တိုက်ခိုက်သွား မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်၊ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ၊ တရုတ်သမ္မတ စီကျင်းပင်၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull ၊ ပါလက်စတိုင်း ဝန်ကြီးချုပ် Rami Hamdallah ၊ မလေးရှား ဝန်ကြီးချုပ် Najib Razak တို့ကလည်း ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ပြစ်တင် ရှုံ့ချကြောင်း နဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးသူတွေ အတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG