သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ဥက္ကဋ္ဌ အဖြစ် သူရ ဦးရွှေမန်း ရုံးပြန်တက်


လွှတ်တော်ဥက္ကဋ္ဌ အဖြစ် သူရ ဦးရွှေမန်း ရုံးပြန်တက်။ (သတင်းဓာတ်ပုံ- သူရဦးရွှေမန်း FB လူမှုကွန်ရက် စာမျက်နှာမှ)
လွှတ်တော်ဥက္ကဋ္ဌ အဖြစ် သူရ ဦးရွှေမန်း ရုံးပြန်တက်။ (သတင်းဓာတ်ပုံ- သူရဦးရွှေမန်း FB လူမှုကွန်ရက် စာမျက်နှာမှ)

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဆင့်မြင့်ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ သူရဦးရွှေမန်း ဟာ ဒီကနေ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်တွေကို ပုံမှန် အတိုင်း ဆောင်ရွက်နေပြီ ဖြစ်တဲ့ အကြောင်း တာဝန်ရှိသူတွေ က ပြောပါ တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေဆဲဖြစ်တဲ့ ဦးရွှေမန်းဟာ လာမယ့် သီတင်းပတ်မှာ ပြန်လည်စတင်မယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဆက်လက် ပါဝင်သွားမယ်လို့လည်း ဦးရွှေမန်းရဲ့ Facebook လူမှုကွန်ယက် မျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဦးရွှေမန်း ရဲ့ နိုင်ငံရေး ရှေ့အနာဂတ် ဟာ ရေရာမှု ရှိပါ့မလား ဆိုတာ ကိုတော့ နိုင်ငံရေး အသိုင်းအဝိုင်းက မေးခွန်းထုတ်နေကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် ကိုစည်သူက ပြောပြပေးမှာ ဖြစ်ပါတယ်။

ပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံရပေမယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေဆဲဖြစ်တဲ့ သူရဦးရွှေမန်းဟာ နေပြည်တော်က လွှတ်တော်ဥက္ကဋ္ဌရုံး မှာ ပုံမှန် ရုံးလုပ်ငန်းတွေ ကို ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်တဲ့ အကြောင်း ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦး က ဗွီအိုအေကို အတည်ပြု ပြောဆိုလိုက်တာပါ။

" ဥက္ကဋ္ဌကြီး ပုံမှန်ရုံးတက်ပါတယ်။ ကျေျနာ်တို့နဲ့လည်း ပုံမှန် အလုပ်လုပ် တယ်။ နောက်တခါ ကျန်းမာရေး၊ ကျန်းမာရေး လက်ရှိအခြေအနေတော့ သာမာန်အားဖြင့် လက်ရှိ ကနေ့အထိ ကတော့ ကောင်းပါတယ်။ ကောင်းတဲ့ အနေအထားပါပဲ။ နောက်ပြီး schedule တွေကတော့ ကျနော်တို့ ပုံမှန် Shedule အတိုင်းဆောင်ရွက်နေတာတွေ့ရပါတဲ့အနေအထားပေါ့လေ။"

ဦးရွှေမန်းရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာလည်း လူထုအကျိုးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သတင်းစကားကို ရုံးတက်နေတဲ့ ဓာတ်ပုံနဲ့အတူ ဖော်ပြထားတာ တွေ့ရပါတယ်။

လွှတ်တော်အစည်းအဝေးတွေကိုတော့ လာမယ့် သီတင်းပတ် သြဂုတ်လ (၁၈) ရက်မှာ ပြန်လည်ကျင်းပဖို့ ရှိနေပေမဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း အနေနဲ့ ဆက်လက် တာဝန်ယူနိုင်မယ့် အခြေအနေ ရှိမရှိဆိုတဲ့ အပေါ်မှာတော့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက သံသယ ရှိနေကြတာပါ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ ဦးရွှေမန်းရဲ့ နိုင်ငံရေး အနာဂတ်ဟာ ပြည်ခိုင်ဖြိုးပါတီ လက်ထဲမှာ ရှိနေတယ်လို့ ပြောပါတယ်။

"အခုဟာက ရုတ်တရက် ဒီလိုကိစ္စ ပေါ်လာတဲ့ အခါကျတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘာတွေ ဆက်လုပ်မလဲ ဆိုတာ ကျနော်တို့က သေချာ မသိဘူးဗျ။ ဒီလောက်ပဲ ဦးရွှေမန်းအပေါ်မှာ သူတို့အရေးယူတာ ဒီလောက်ပဲ ရပ်သွားမလား။ မပြောနိုင်ဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ မတိုင်မှီ နှစ်လကျော်ကျော်လေးပဲ ကျန်တော့တဲ့ ရက်မှာကိုပဲ လွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ထွက်လာအောင် ဖိအားထပ်ပေးနေတယ်။

နောက်တခုက သူတို့ရဲ့နောက်ကွယ်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိသေးသလား။ သူ့အနေနဲ့ကရော ဘယ်လို သဘောထားရှိသလဲ။ သူရဦးရွှေမန်းကိုရော လွှတ်တော်ဥက္ကဋ္ဌနေရာမှာ ခွင့်ပေးလိုတဲ့ ဆန္ဒရှိသလား ဒါတွေလည်း အကျိုးသက်ရောက်မှု ရှိလိမ့်မယ်ထင်တယ်။ အဲ့တာတွေက ကျနော်တို့က သေသေချာချာ မသိနိုင်တဲ့အတွက် မပြောနိုင်ဘူးဗျ။"

ဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်တွေနဲ့ မအားလပ်တာကြောင့် လာမယ့်ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုးပါတီ အတွက် ဆောင်ရွက်ချက်တွေ မထိရောက်မှာဆိုးတဲ့အတွက် တာဝန်လွှဲပြောင်း ယူလိုက်ရတာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီကတော့ တရားဝင်ကြေညာထားတာပါ။

ဒါပေမဲ့လည်း လွှတ်တော် တာဝန်တွေ၊ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပဲခူးတိုင်း ဖြူးမြို့နယ်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်တွေတော့ ရှိနေဦးမှာ ဖြစ်တယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီက ပြောပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုး ပါတီကတော့ ဦးရွှေမန်းအပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို ရုတ်တရက် ရာထူးတွေက ဖယ်ရှားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ အသစ်ဖွဲ့စည်းခဲ့ပေမယ့် ပါတီမူဝါဒတွေအတိုင်း ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ကြေညာချက် တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် ပါတီဝင် အရည်အသွေး၊ နိုင်ငံအကျိုး ပြည်သူ့ အကျိုးအတွက် ပိုမိုကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

XS
SM
MD
LG