သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဌာနချုပ်အနီး တိုက်ပွဲတွေ ပြန်ဖြစ်


KIA လိုင်ဇာရှေ့တန်းတပ်များ
KIA လိုင်ဇာရှေ့တန်းတပ်များ

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရက်ခြားဆိုသလို ဖြစ်ပွားလာတာ အခုဆိုရင် ရက်သတ္တ ၂ပတ်ကျော် လောက်ရှိခဲ့ပြီး မနေ့ညနေခင်းပိုင်းကတော့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ်အနီးမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့မှာလည်း အစိုးရစစ်တပ်ဖက်က မြစ်ကြီးနားကနေ လိုင်ဇာဒေသဖက်ကို စစ်ကူတွေထပ်မံသွားရောက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးမှာ ဒီလ ၁၅ရက်နေ့လောက်ကတည်းက စတင်ခဲ့ရာက ပြီးခဲ့တဲ့သောကြာနေ့က လေကြောင်းကနေ့ ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ခဲ့ပြီးနောက် ငြိမ်သက်နေခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့သလို ဗုဒ္ဓဟူးနေ့မှာတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ TAT ခေါ် KIO ရဲ့ ထောက်ကူပြုအဖွဲ့က ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

“သံအမတ်လာတဲ့ည ကျနော်တို့ TAT ရုံးမှာ သူနဲ့ တွေ့ဆုံစကားပြောနေတဲ့အချိန်မှာ ၈ ချက်ပစ်တယ်။ မနေ့ကလည်း တိုက်နေကြတယ်။ လေယာဉ်နဲ့ သွားတယ် ဟိုဘက်မှာ မိုးအုံ့တော့ လေယာဉ်နဲ့မတိုက်ပဲ ပြန်သွားတယ်လို့ပြောတယ်။ ဒါပေမယ့် တပ် ထိုးတာ သေချာတယ်။ အကြိမ်အခေါက်ရေ တော်တော်လေးကြိုးစားကြရတယ်လို့ပြောတယ်။ ဒီနေ့တော့ ဖြစ်နေတယ်လို့ပဲ ကြားရေသေးတယ်။ အောက်ခြေသတင်းက မတက်သေးဘူး။”

KIOရဲ့ ထောက်ကူပြုအဖွဲ့ TATနဲ့ အမေရိကန်သံအမတ်ဟာ အင်္ဂါနေ့ ညနေ ၃နာရီလောက်က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

လောလောဆည်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတော့ မြစ်ကြီးနား ဗန်မော်လမ်း အရှေ့ဘက်ခြမ်းရှိ အင်ခရန်တောင်ကြောက KIAရဲ့ Gidon စခန်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လိုင်ဇာက KIOတာဝန်ရှိသူတဦးကတော့ ကြာသပတေးနေ့မှာ တိုက်ပွဲဖြစ်ပွားတာမကြားရသေးကြောင်း၊ ဗုဒ္ဓဟူးနေ့ကတော့ မနက်၈နာရီလောက်တည်းက အပြန်အလှန် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကြပြီး ညနေ၂နာရီကနေ ၄နာရီအထိမှာ အစိုးရတပ်ဖက်က KIA တပ်စခန်းကို ၅ကြိမ်လောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်အင်အားတွေ ထပ်မံပို့လွှတ်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင်က ပြောပါတယ်။

“ဒီနေ့နောက်ဆုံးအခြေအနေကတော့ လေယာဉ်ရော၊ မြေပြင်ရောအကုန် စစ်ကြောင်းမျိုးစုံနဲ့တော့ သွားနေတာတော့တွေ့လိုက်တယ်။ မြစ်ကြီးနားနဲ့တော့ သူကစစ်ကြောင်းကတော့ တလျှောက်သွားနေတယ်ဆိုတော့ အဲဒီမှာလည်း တောက်လျှောက်နေရာယူထားတယ်ဆိုတော့ အဲဒီဘက် ၃- ၄ နေရာတွေ လောက်ကို သူတို့ထိုးစစ်ဆင်နေတယ်ခင်ဗျ။ KIO ၊ KIA ဌာနချုပ်ရှေ့က တပ်ရင်းတပ်ဖွဲ့တွေစခန်းကိုအားလုံးကို သူက ထိုးစစ်ဆင်နေတယ်။ ဒီအတိုင်းဆိုရင်တော့ အများကြီးပြင်းထန်နိုင်စရာရှိပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ သောကြာနေ့တိုက်ပွဲမှာတော့ အစိုးရတပ်မတော်ဖက်က စစ်ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ KIO သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCAလက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဆွေးနွေးနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေညာပြီးမှသာ NCA ကို လက်မှတ်ရေးထိုးမယ်လို့ ပြောဆိုထားပြီး ငြိမ်းချမ်းရေးကော်မရှင်ကတော့ နှစ်ဖက်ဆွေးနွေးမှုဟာ တိုးတက်မှုရှိကြောင်း ပြောဆိုထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့သာ လက်မှတ်ရေးထိုးထားပြီး ကျန် လက်နက်ကိုင်အဖွဲ့ ၁၃ဖွဲ့ကတော့ လက်နက်ကိုင်အဖွ့ဲအားလုံးပါဝင်မှသာ လက်မှတ်ထိုးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG