သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားပြင်းငလျင်ကြောင့် အာဖဂန်မှာ အနည်းဆုံး လူ ရာကျော်သေ


အာဖဂန်နစ္စတန် မြောက်ပိုင်း အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုမြင်ကွင်း။ (အောက်တိုဘာ ၂၆၊ ၂၀၁၅)
အာဖဂန်နစ္စတန် မြောက်ပိုင်း အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုမြင်ကွင်း။ (အောက်တိုဘာ ၂၆၊ ၂၀၁၅)

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာ အင်အားပြင်းငလျင်တခုလှုပ်ခတ်ခဲ့တာကြောင့်၊ အာဖဂန်အပါအဝင် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတွေမှာပါ အနည်းဆုံး လူ တစ်ရာကျော် သေဆုံးသွားခဲ့ပါတယ်။

Feyzabad မြို့ရဲ့ အရှေ့တောင်ဘက်က မိုင် ၆ဝ လောက်အကွာကို ဗဟိုပြုပြီး၊ တနင်္လာနေ့က လှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ အမေရိကန်ဘူမိဗေဒဌာနရဲ့ တိုင်းတာချက်အရ ပြင်းအား ၇.၅ မက်ဂနီကျူရှိတယ်လို့ ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူစာရင်းဟာ တမုဟုတ်ချင်း တိုးလာနိုင်တယ်လို့ အာဖဂန်သတင်းရပ်ကွက်တွေက ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူတွေ အများအပြားရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အစိုးရတာဝန်ရှိသူတွေဘက်ကတော့ အတိအကျထုတ်ပြန်တာမရှိသေးဘူးလို့ အာဖဂန်နစ္စတန်ရဲ့ ထိပ်တန်းနိုင်ငံရေးသမားတဦးဖြစ်တဲ့ Abdullah Abdullah က ပြောပါတယ်။ ငလျင်လှုပ်ခတ်သွားတဲ့ နေရာနား ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ချက်ချင်းပေးပို့နိုင်ဖို့အတွက် အာဖဂန်တပ်တွေ နဲ့ ရဟတ်ယာဉ်တွေ ပါကစ္စတန်စစ်တပ်အကြီးအကဲ Raheel Sharif က စေလွှတ်လိုက်ပါတယ်။

နန်ဂါဟာ ပြည်နယ်မှာတော့ ၆ ယောက်သေဆုံးပြီး ၇ဝ လောက်ဒဏ်ရာရတယ်လို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။ ဒါ့အပြင် ကွန်ဒူစ့်ပြည်နယ်မှာတော့ ကျောင်းသားငယ် ၁၂ ယောက်သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရသွားခဲ့တယ်လို့ ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာတော့ ခိုင်ဘာပတွမ်ခွာဒေသက ငလျင်ဒဏ်အပြင်းထန်းဆုံးခံခဲ့ရပြီး၊ ၄၈ ယောက်သေဆုံးပြီး ၅၅ဝ ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေကပြောပါတယ်။ ဒါ့အပြင် ငလျင်လှုပ်ပြီးတဲ့နောက် မိနစ် ၉ဝ အတွင်း အင်အား ၄.၇ နဲ့ ၄.၈ စီရှိတဲ့ ငလျင်ငယ်လေး ၂ ခုလည်း လှုပ်သွားတယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက ပြောပါတယ်။ ငလျင်ကြောင့်အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အထိပါ အိမ်တွေ တုန်ခါသွားခဲ့ပါတယ်။

XS
SM
MD
LG