သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၃၀၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းက ထပ်မံရောက်ရှိ


Newly-arrived Rohingya refugees in Aceh province, Indonesia.
Newly-arrived Rohingya refugees in Aceh province, Indonesia.

အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၃၀၀ ကျော် လိုက်ပါလာတဲ့ စက်လှေ ၂ စင်းဟာ ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောပါနေခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း အာချေ့ဒေသ ကမ်းခြေကို ဒီကနေ့ အစောပိုင်းမှာပဲ ရောက်လာကြပါတယ်။ ရိုဟင်ဂျာ ၁၃၅ ယောက် လိုက်ပါလာပြီး ပင်လယ်ထဲမှာ ၂ လခွဲလောက်ကြာခဲ့တဲ့ စက်လှေတစင်းနဲ့ လူ ၁၈၀ နီးပါး လိုက်ပါလာပြီး ပင်လယ်ပြင်မှာ ၂၇ ရက်လောက် ကြာခဲ့တဲ့ စက်လှေတစင်းတို့ အင်ဒိုနီးရှားကမ်းခြေကို သီးခြားစီ ရောက်လာကြတာပါ။

စက်လှေမှာ လိုက်ပါလာသူ တယောက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကနေ ထွက်ခွာလာတာလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ခွာဖို့ စက်လှေသမားကို ဒေါ်လာ ၃၆၀ ကျော်နဲ့ ညီမျှတဲ့ ဘင်္ဂလားတာကာငွေ ပေးခဲ့ရတယ်လို့လည်း စက်လှေမှာ ပါလာသူတယောက်ကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာလာတဲ့ နောက်ထပ် စက်လှေတစင်းကတော့ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလကစ အင်ဒိုနီးရှား နိုင်ငံကို ရေကြောင်းကနေ ရောက်လာကြတဲ့ ရိုဟင်ဂျာ ၁၅၀၀ ကျော်အထိ ရှိနေပါပြီ။ အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ ရိုဟင်ဂျာတွေ ရေကြောင်းကနေ ဆက်တိုက်ဆိုသလို ရောက်လာနေတဲ့ အကြောင်းရင်းတွေထဲမှာ လူမှောင်ခိုတွေ လက်ချက်ပါနိုင်တယ်လို့ ယူဆကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။

XS
SM
MD
LG