သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ အထည်ချုူပ်လုပ်သားများ ဆင်းရဲတွင်းနက်ဆဲ


မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားများ။
မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားများ။

မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမား ထက်ဝက်လောက်ဟာ လုပ်ခလစာ မလုံလောက်မှုကြောင့် ကြွေးမြီ ပြ ဿနာနဲ့ ရင်ဆိုင်နေကြရတယ်လို့ နိုင်ငံတကာလူမှုကူညီရေးအဖွဲ့ Oxfam နဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။

အထည်ချုပ် အလုပ်သမားတွေဟာ တစ်ပတ်မှာ ၆ ရက်၊ တစ်ရက်မှာ ၁၁ နာရီနှုန်းနဲ့ အလုပ်လုပ်ကြပေမယ့်လည်း ဆင်းရဲတွင်းနက်နေဆဲပဲလို့ ဆိုပါတယ်။ သတင်း အပြည့်အစုံကို တော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

Oxfam နဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေပူးပေါင်းပြီး မြန်မာပြည်က အထည်ချုပ် အလုပ် သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို စစ်တမ်းကောက်ယူထားတဲ့ "Made in Myanmar" ဆိုတဲ့ သုတေသန အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

Oxfam နဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာလှုပ်ရှားသူ တို့ပူးပေါင်းပြီး အစီရင်ခံစာထုတ်ပြန်
Oxfam နဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာလှုပ်ရှားသူ တို့ပူးပေါင်းပြီး အစီရင်ခံစာထုတ်ပြန်

အထည်ချုပ် အလုပ်သမားအများစုဟာ အချိန်ပိုလုပ်ခနဲ့ ဆုကြေးအပါအဝင် ပျှမ်းမျှလုပ်ခလစာ ၁၂၂၀၀၀ ကျပ် ရရှိပေမယ့်လည်း သူတို့ရဲ့ အခြေခံကုန်ကျစရိတ်ကို မကာမိသလို ၄၃%သော အထည်ချုပ် အလုပ်သမားတွေ မှာ ပျှမ်းမျှ အကြွေး ၅သောင်း ၇ထောင်ကျော် ရှိတယ်လို့ Oxfam အဖွဲ့ရဲ့မူဝါဒ ဆိုင်ရာ အကြံပေး Ms. Daisy Gardener က အထည်ချုပ်အလုပ်သမားများ အခြေအနေကို ဖော်ပြထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

"ဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ အပိုဆုကြေးအပါအဝင် ပျှမ်းမျှလစာ ၁၂၂၀၀၀ ကျပ်ဆိုတဲ့ ပမာဏက သူတို့ရဲ့ အခြေခံ အသုံးစရိတ် တွေကို မကာမိဘူးလို့ အထည်ချုပ်အလုပ်သမားတွေက ပြောပြပါတယ်။ သူတို့တွေထဲက တစ်ဝက်လောက်ကလည်း ကြွေးမြီပြဿနာနဲ့ ရင်ဆိုင်နေကြရတာပါ။ အစိုးရက အနည်းဆုံးလုပ်ခလစာ မသတ် မှတ်ခင်ကတည်းက စစ်တမ်းကောက်ထားတဲ့ ၁၂၂၀၀၀ ကျပ်ဆိုတဲ့ ပမာဏက လက်ရှိအခြေအနေအထိ အကျုံး ဝင်နေပါသေးတယ်။ ဘာလို့လဲဆိုတော့ အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာက တစ်လကို ၁၀၈၀၀၀ ကျပ်ဖြစ်ပါတယ်။ ကျွန်မတို့ စစ်တမ်းက တွေ့တဲ့ ၁၂၂၀၀၀ ဆိုတဲ့ ပမာဏကို ကြည့်ခြင်းအားဖြင့် လက်ရှိ အထည်ချုပ် အလုပ်သမားတွေကြုံတွေ့နေရတဲ့ လူနေမှုစရိတ်ပေါ်အခြေခံပြီး အနည်းဆုံးလုပ်ခ လစာ ပမာဏကို ထပ်ပြီးညှိနှိုင်းစရာမလိုတော့ပါဘူး။"

အထည်ချုပ်အလုပ်သမား တွေရဲ့ ၄၀% ကျော်ဟာ လုပ်ငန်းခွင်မှာ လုံခြုံမှု မခံစားရသလို ဖိနှိပ်ခံရတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေကြရတယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး ၂၀၁၅ စက်တင်ဘာမှာ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်ကို ၃၆၀၀ နှုန်း အစိုးရကသတ်မှတ်လိုက်ပေမယ့်လည်း အဲ့ဒီ ပမာဏက အထည် ချုပ် အလုပ်သမားတွေ အတွက် လုံလောက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။

လုပ်ငန်းခွင်လုံခြုံမှုလို့ဆိုတဲ့နေရာ အထည်ချုပ်အလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆို ရင် အလုပ်ဖြုတ်ခံရမှာကို စိုးရိမ်နေကြရတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အလုပ်သမားရေး ဌာနက မသက်သက်အောင်က ပြောပါတယ်။

“သိပ်အရေးကြီးတဲ့အချက်တချက်ကိုပြောချင်ပါတယ်။ အဲဒါဘာလဲဆိုတော့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံနေရတာပါ။ Union ဝင်ဖို့အတွက်တောင်မှ အလုပ်သမားတွေက စိုးရိမ်နေတယ်။ သူတို့အလုပ်သမားတွေဟာ သူတို့အခွင့်အရေးကို သူတို့တောင်းဆိုတာနဲ့ သူတို့မှာ အလုပ်ဖြုတ်ခံရဖို့အတွက် ခြိမ်းခြောက်ခံနေရပြီလို့ သူတို့က alarm မြည်နေပြီ။ ဟုတ်ပါတယ် ဘာကြောင့်လဲဆိုတော့ ဒါဟာတကယ်ဖြစ်နေတာပါ။ တကယ်ဖြစ်နေလို့လည်း တကယ်ကြောက်ကြရတာပါ။ အဲတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းနိုင်သလဲဆိုလို့ရှိရင် တိုင်ကြားမှု ယန္တရားတွေကို သေသေချာချာလုပ်ဖို့လိုအပ်ပါတယ်။ ပြီးတဲ့အခါကျတော့ တိုင်ကြားလာတဲ့အခါမှာလည်းပဲ ဒီ ထိရောက်တဲ့ဖြေရှင်းမှုမျိုးတွေကိုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ Freedom of Association ဖြစ်နေပြီလို့ပြောသော်လည်းပဲ တကယ့်တကယ်ကျတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ရွေးပြီးတော့ အလုပ်ဖြုတ်နေခြင်းသည် ဒါဟာ Freedom of Association ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းကိုတော့ ပြန်ပြီးသုံးသပ်ရမယ်လို့ ကျမအနေနဲ့ ထင်ပါတယ်။”

၂၀၁၅ ဇွန်လနဲ့ ဇူလိုင်လအတွင်း အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ Oxfam ရဲ့ ဒီသုတေသနအစီရင်ခံစာဟာ ရန်ကုန်မြို့ အနီး စက်မှုဇုံတွေက စက်ရုံ ၂၂ ရုံက အမျိုးသမီး အထည် ချုပ် အလုပ်သမားတွေကို အဓိကထား စစ်တမ်းကောက်ထားတာဖြစ်ပြီး မြန်မာနိုင်ငံ စက်ရုံတွေအတွင်းက ညံ့ ဖျင်းတဲ့ အခြေအနေတွေ၊ တရားဥပဒေစိုးမိုးမှု အားနည်းတာတွေနဲ့ အခြေခံ အလုပ်သမားအခွင့်အရေးတွေကို အလေးထားမှုကင်းမဲ့တာတွေကို နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံက အထည် ချုပ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဖို့လည်း ဒီအစီရင်ခံစာက အကြံပြုထားပါတယ်။

XS
SM
MD
LG