သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Oxi Day ဆုရှင် ဒေါ်စုကို အမေရိကန်ခေါင်းဆောင်တွေ ဂုဏ်ပြု


Oxi Day ဆုရှင် ဒေါ်စုကို အမေရိကန်ခေါင်းဆောင်တွေ ဂုဏ်ပြု
Oxi Day ဆုရှင် ဒေါ်စုကို အမေရိကန်ခေါင်းဆောင်တွေ ဂုဏ်ပြု

၂၀၁၁ ခုနှစ်ရဲ့ Oxi Day Battle of Crete ဆုကို ရရှိသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂရိနိုင်ငံ Crete တိုက်ပွဲမှာ နာဇီကျူးကျော်မှုကို အန်တုရင်ဆိုင်ခဲ့တဲ့ အမျိုးသမီးတွေလိုပဲ သတ္တိခွန်အား စိတ်ခွန်အား ပြည့်ဝတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ အမေရိကန်ခေါင်းဆောင်တွေက ချီးကျူးပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ Oxi Day Foundation ရဲ့ မနေ့က နှစ်ပတ်လည်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို Oxi Day Battle of Crete ဆု ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာတော့ အမေရိကန်နိုင်ငံရေးအတွင်းက ထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းတွေ၊ လွှတ်တော်အမတ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို ကိုယ်တိုင် မတက်ရောက်လာနိုင်တဲ့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် ကတော့ ဗွီဒီယိုနဲ့ အမှာစကားပေးပို့ပါတယ်။ Oxi Day Battle of Crete ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုယ်ကျိုးထက် အများလွတ်မြောက်မှုကို ဦးစားပေးသူ လူ့ဂုဏ်သိက္ခာတရားအတွက် တိုက်ပွဲဝင်နေသူဖြစ်တယ်လို့ ချီးကျူး ပြောဆိုသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်စနစ်နဲ့ဖိနှိပ်မှုကို တွန်းလှန်တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ သူမဟာ သူရဲ့တကိုယ်ရည် လွတ်လပ်မှုကို စွန့်လွှတ်ပြီး နေအိမ်အကျယ်ချုပ်ခံ ဆက်ပြီးတိုက်ပွဲဝင်ခဲ့သူပါ။ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီရေးနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တာဟာ၊ လူ့ဂုဏ်သိက္ခာတရား လူ့ရပ်တည်မှုအတွက် တိုက်ပွဲဝင်တာလို့ ပြောခဲ့ပါတယ်။”

အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ အောက်လွှတ်တော် အမျိုးသမီးအမတ် Ileana Ros Lehtinen ကလည်း ချုပ်ချယ်ကန့်သတ်မှုတွေကြားက မိမိအမြင်အယူဆကို ရဲရဲဝံ့ဝံ့ ပြောဆို တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိကို ချီးကျူးသွားပါတယ်။

“Oxi Day Battle of Crete ဆု ချီးမြင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ဂုဏ်ပြုပါတယ်။ ရက်စက်ကြမ်းတမ်းတဲ့ မြန်မာစစ်အစိုးရရဲ့ ခြိမ်းခြောက် နှောက်ယှက်မှုတွေ၊ ဖမ်းဆီးချုပ်နှောင်မှုတွေ အစဉ်တစိုက် ခံနေရပေမဲ့ နှစ်၂၀ ကျော်ကြာအောင် သူဟာ သူရဲ့တိုင်းပြည်ပေါ်မှာ စိတ်အားရဲရင့်မှု သတ္တိခွန်အားတွေ ရှိနေခဲ့တာပါ။ ဒီလောက်ချုပ်ချယ်ကန့်သတ်မှုတွေ ကြားကနေ ပြောဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်အယူအဆနဲ့ သူ့ရဲ့ သတ္တိပြောင်မြောက်မှုတွေကို ဦးညွှတ် ဂုဏ်ပြုမိပါတယ်။”

အခမ်းအနားကို ကိုယ်တိုင်တတ်ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီအရေး အစဉ်ထောက်ခံအားပေးလာခဲ့သူ အောက်လွှတ်တော်အမတ် Joseph Crowley က ၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံရေးဖြတ်သန်းလာမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍတွေကို တတ်ရောက်လာသူတွေကို အချိန်အတော်ကြာ ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလိုစွန့်လွှတ်ဆောင်ရွက်မှုတွေကြောင့်လည်း အမေရိကန် အထက်လွှတ်တော်ရော အောက်လွှတ်တော်အမတ်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုနဲ့ ဂုဏ်ပြုခဲ့ကြတယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ကို ချီးကျူးမှတ်သားလောက်စရာကောင်းတဲ့ အမျိုးသမီးပါ။ သူ့တိုင်းပြည်လွတ်မြောက်ရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်မှာ အောက်လွှတ်တော်ရော အထက်လွှတ်တော် အမတ်တွေကပါ တညီတညွတ်တည်း အမေရိကန်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အခုလိုပဲ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်တွေဟာ ကွန်ဂရက်အဆောက်အဦးကြီးထဲမှာ သူ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို အခုပေးတဲ့ Oxi Day Battle of Crete ဆုဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမဏီတွေအတွက် အတော်လေး ထိခိုက်သွားစေတဲ့ ဂရိနိုင်ငံ Crete တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းတွေကို ဂုဏ်ပြုပြီး ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေးအတွက် သတ္တိပြောင်မြောက်တဲ့ အမျိုးသမီးတွေကို ပေးဖို့ရည်ရွယ်တာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တာဖြစ်ပါတယ်။

XS
SM
MD
LG