သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ အောက်ဆီဂျင်ပြတ်မယ့်အရေး စိုးရိမ်မှုတွေထွက်ပေါ်နေ


ရခိုင်ဒုက္ခသည်စခန်းတခုကမြင်ကွင်း။
ရခိုင်ဒုက္ခသည်စခန်းတခုကမြင်ကွင်း။

ZAWGYI/UNICODE

ရခိုင်ပြည်နယ်မှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်လုံလောက်တယ်လို့ အာဏာပိုင်တွေကပြောပေမယ့် လက်တွေ့လုပ်ဆောင်နေသူတွေကတော့ အောက်ဆီဂျင်ပြတ်မယ့်အရေး စိုးရိမ်နေကြပါတယ်။ ရောဂါပိုးကူးစက်သူအရေအတွက် တနေ့ထက်တနေ့ တိုးလာနေတာကြောင့်လည်း အခုလို စိုးရိမ်နေကြတာပါ။ ဒီအကြောင်း ရခိုင်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ဒေသအတော်များများမှာ အောက်ဆီဂျင်ပြတ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သေဆုံးသူအရေအတွက်လည်း တိုးလာနေတာပါ။ ရခိုင်ပြည်နယ်မှာလည်း ကူးစက် သေဆုံးသူအရေအတွက် တိုးလာနေပေမယ့် လက်ရှိအချိန်ထိတော့ တပြည်နယ်လုံးအတွက် အောက်ဆီဂျင်လုံလောက်နေသေးတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

“ပြောချင်တာကတော့ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ကိုဗစ်ပိုးတွေ့တဲ့ လူနာအရေအတွက်ရယ် လက်ရှိဆေးရုံတွေမှာ ကုသနေတဲ့ လူတွေရဲ့အနေအထားတွေကို သုံးသပ်လိုက်လို့ရှိရင်တော့ ကျနော်တို့ဆီမှာ စုဆောင်းထားတဲ့ ရှာဖွယ်ထားတဲ့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးနေကြတဲ့ အနေအထားတွေကြောင့် အောက်ဆီဂျင်ဟာ လျှပ်တပျက် ပြတ်သွားပြီးတော့ ဆေးရုံတွေမှာ ကုသနေတဲ့လူတွေမှာ အတိဒုက္ခရောက်နိုင်လောက်တဲ့ အနေအထားမရှိပါဘူး။ လောလောဆယ်တော့ လူနာနဲ့ အောက်ဆီဂျင် ကာဗာဖြစ်တယ်လို့ ပြောကြားလိုပါတယ်။”

ဒါပေမယ့်လည်း လက်တွေ့မှာတော့ အောက်ဆီဂျင်လုံလောက်မှုမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့နေရာတွေ ရှိနေပါတယ်။ ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်လောက်ရှိတဲ့ မောင်တောမြို့နယ်မှာ လက်ရှိ လူနာအရေအတွက်နဲ့ အောက်ဆီဂျင် မျှတရုံလောက်ပဲ ရှိတယ်လို့ မောင်တောဆေးရုံအုပ် ဒေါက်တာနုကေသီစံကပြောပါတယ်။

“လုံးဝပြတ်သွားတာ မဟုတ်ဘူး၊ ပြတ်ခါနီးနီးကို ဖြစ်သွားတာ။ တနေ့ကို အောက်ဆီဂျင်အလုံး ၂၀ ကနေ ၂၅ လုံးကြားကုန်တယ်။ ကျမတို့ စစ်တွေကနေ ဖြည့်ရတာက တနေ့ကို အလုံး၂၀ စီရတယ်။ မောင်တောက မကိုက်ဘူး၊ မောင်တောက အောက်ဆီဂျင် တနေ့ကို သုံးလုံးပဲ ဖြည့်ပေးနိုင်တယ်။ အဲတော့ တရက်စာ တရက်စာစီပဲ ကျမတို့ သုံးနေရတဲ့အတွက်ကြောင့် နောက်ထပ်လူနာများလာလို့ရှိရင် မလောက်ဘူး။ ဒီကြားထဲ ဟိုကပို့တဲ့ဟာ နောက်ကျနေတာဖြစ်ဖြစ် လမ်းခရီးမှာ ကြာနေတာဖြစ်ဖြစ်ဆိုရင် ကျမတို့ အောက်ဆီဂျင်က ကုန်ခါနီးနီးကို ဖြစ်ဖြစ်သွားတာ။ ရေရှည်တော့ အဆင်မပြေဘူး။ ဒီထက် လူနာပိုများလာရင် အဆင်မပြေဘူး။ အောက်ဆီဂျင်ပြတ်လပ်တာတွေ ဖြစ်သွားနိုင်တာပေါ့။ ဆိုတော့ အောက်ဆီဂျင် ပြတ်သွားလို့ရှိရင်လူနာတွေ သေကုန်မှာလေ။”

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိတော့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာလို အောက်ဆီဂျင် ရှားပါးတဲ့ အခြေအနေထိ မရောက်သေးပေမယ့် အောက်ဆီဂျင်ပြတ်လပ်မယ့်အရေး စိုးရိမ်နေတယ်လို့ ဝံလက်ဖောင်ဒေးရှင်ဒေါက်ရိုက်တာ ဦးခိုင်ကောင်းစံကလည်းပြောပါတယ်။

"ဆရာဝန်တယောက်ဆိုရင် သူ့ရဲ့လူမှုစာမျက်နှမှာ တင်ထားတာ ရှိတာပေါ့နော်။ တကယ်လို့ ရှေ့ဆက်ပြီး ရောဂါ ကူးစက်မှုတွေ များလာမယ်ဆိုရင်တော့ လုံလောက်ဖို့အတွက်ကတော့ နည်းနည်းအခက်အခဲရှိမှာပေါ့။ လောလောဆယ်အထိတော့ အောက်ဆီဂျင် ပြတ်လပ်ပြီးတော့ ဆုံးရှုံးရတဲ့အခြေအနေမျိုးတော့ ရှိမနေသေးပါဘူး။ အောက်ဆီဂျင် လိုအပ်ရင်လည်း လိုအပ်သလို လုပ်ပေးနေတာကိုတော့ တွေ့ရပါတယ်။"

ရခိုင်ပြည်နယ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေဖို့အတွက် ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော စတဲ့မြို့နယ်တွေမှာ အောက်ဆီဂျင်စက်ရုံတွေတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ လည်းပြောဆိုထားပါတယ်။

တချို့မြို့နယ်တွေမှာလည်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေဖို့အတွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ အောက်ဆီဂျင်စက်ရုံတွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၈ ဦးအထိ ရှိနေပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လူထုတွေကြား လိုက်နာမှုအားနည်းနေဆဲပါ။

ဒါကြောင့် ကိုဗစ်စည်းကမ်း မလိုက်နာသူတွေကို အာဏာပိုင်တွေက ဒီကနေ့ကစပြီး ဖမ်းဆီးတရားစွဲဆိုသွားမယ်လို့ ပြောထားပေမယ့် လက်ရှိအချိန်ထိတော့ စစ်ဆေးဖမ်းဆီးတာ မတွေ့သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


UNICODE












XS
SM
MD
LG