သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pabuk အပူပိုင်းမုန်တိုင်း ထိုင်းတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်


ထိုင်းနိုင်ငံ တောင်ပိုင်းကုန်းတွင်းပိုင်းကို တိုက်ခတ်လာတဲ့ Pabuk မုန်တိုင်းကြောင့် လျှပ်စစ်မီးတိုင်များ လဲကျနေသည့်မြင်ကွင်း။ (ဇန်နဝါရီ ၄၊ ၂၀၁၉)
ထိုင်းနိုင်ငံ တောင်ပိုင်းကုန်းတွင်းပိုင်းကို တိုက်ခတ်လာတဲ့ Pabuk မုန်တိုင်းကြောင့် လျှပ်စစ်မီးတိုင်များ လဲကျနေသည့်မြင်ကွင်း။ (ဇန်နဝါရီ ၄၊ ၂၀၁၉)

Pabuk အပူပိုင်းမုန်တိုင်း ဒီကနေ့ ထိုင်းနိုင်ငံတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်လာရာမှာ မိုး သည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခိုက်နေသလို ပင်လယ်ပြင်မှာလည်း လှိုင်းကြီးနေပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံး ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ မုန်တိုင်းဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာ Nakhon Si Thammarat ပြည်နယ်ကို ဝင်ရောက်လာခဲ့ကြောင်းလည်း ထိုင်း နိုင်ငံ မိုးလေဝသဌာနက ပြောပါတယ်။ ထိုင်းပင်လယ်ကွေ့မှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အတွက် အာဏာပိုင်တွေက ကူးတို့သင်္ဘော ပြေးဆွဲမှုတွေကို ရပ်ဆိုင်းလိုက်သလို မုန်တိုင်းဟာ ထိုင်းနိုင်ငံ တောင်ပိုင်းက နာမည်ကျော် အပမ်းဖြေ ကမ်းခြေတွေဆီ ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်း ထားတဲ့အတွက် ဒေသခံတွေနဲ့ ခရီးသွားတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။

ဒေသစံတော်ချိန် သောကြာနေ့ မွန်းလွဲပိုင်း ၂ နာရီကနေ နောက်တနေ့ စနေနေ့ မနက်ပိုင်းအထိ ဒေသခံတွေနဲ့ ခရီးသွားတွေ အပြင်မထွက်ကြဖို့လည်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၈၉ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ Gay တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၄ ရာကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း ဒီတကြိမ်ဟာ အဆိုးဆုံးဖြစ်မှာကိုလည်း စိုးရိမ်နေကြတာပါ။

ထိုင်းနိုင်ငံတောင်ပိုင်းမှာပဲ ၁၉၆၂ ခုနှစ်မှာတုန်းက အပူပိုင်းမုန်တိုင်းတခုကြောင့် လူ ၉၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ Pabuk မုန်တိုင်း ဝင်ရောက်လာတဲ့ ဒီနေ့မှာပဲ Nakhon Si Thammarat ပြည်နယ်မှာ သစ်ပင်တွေ အဆောက်အဦးတွေ ပြိုလဲမှုတွေ ကြုံနေရပြီး အိမ်တလုံးပေါ် သစ်ပင်လဲ ကျရာက အနည်းဆုံး လူတဦး သေဆုံးကြောင်းလည်း တာဝန်ရှိသူတွေကို ကိုးကားပြီး Retuers သတင်းက ဖော်ပြခဲ့တာပါ။ Pabuk မုန်တိုင်းဟာ မနက်ဖြန်မှာ အားပျော့မယ်လို့ ခန့်မှန်းထားပေမဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ဒေသတော်တော်များများမှာ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်း ဒေသတွေမှာတော့ မိုးသက်လေပြင်းတွေနဲ့ လှိုင်းကြီးနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG