သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pabuk မုန်တိုင်းကြောင့် ကော့သောင်းနဲ့ ရနောင်းအကြား သွားလာရေးခက်ခဲ


ထိုင်းတောင်ပိုင်း၊ နာခွန်စီ သာမာရတ် ဒေသမှာ မုန်တိုင်းဖြတ်ပြီးနောက် ထိုင်းသံဃာတော်တပါး ဗုဒ္ဓရုပ်ပွားတော်တဆူကို ပြန်လည်နေရာချထားရန် ကြိုးစားနေပုံ (၀၁-၀၅-၁၉)
ထိုင်းတောင်ပိုင်း၊ နာခွန်စီ သာမာရတ် ဒေသမှာ မုန်တိုင်းဖြတ်ပြီးနောက် ထိုင်းသံဃာတော်တပါး ဗုဒ္ဓရုပ်ပွားတော်တဆူကို ပြန်လည်နေရာချထားရန် ကြိုးစားနေပုံ (၀၁-၀၅-၁၉)

ထိုင်းနိုင်ငံမှာတိုက်ခတ်ခဲ့တဲ့ ပါဘက် ( Pabuk) မုန်တိုင်းကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းဖက် ကမ်းမှာ စက်လှေတွေ ထွက်ခွာမှု ၃ ရက်ရပ်ဆိုင်းလိုက် တာကြောင့် မြန်မာနိုင်ငံသားတွေ ကော့သောင်းကို ပြန်မရဖြစ်နေသလိုပဲ ကော့သောင်းကနေ ရနောင်းကို နေ့စဉ်အလုပ်လာကြတဲ့ အလုပ်သမားတွေလည်း ပြန်ဖို့ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။ ကော့သောင်းနဲ့ ရနောင်းနယ်စပ်တွေမှာ စနေနေ့ကတော့ မိုး အဆက်မပြတ် ရွာသွန်းနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၄ ရက်နေ့စပြီး ဝင်ရောက်လာတဲ့ ပါဘက်မုန်တိုင်းကြောင့် ရနောင်းဘက် ပင်လယ် ကမ်းတလျှောက်မှာရှိတဲ့ ငါးဖမ်းစက်လှေတွေ၊ ကုန်တင်ယာဉ်တွေ၊ စက်လှေအားလုံး ဇန်နဝါရီလ ၄ ရက်ကနေ ၆ ရက်အထိ ရေကြောင်းသွားလာမှု အရေးပေါ်ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအတွက် ရနောင်းဘက်ကို ဈေးဝယ် လာကြသူတွေလည်း ကော့သောင်းကို ပြန်လို့မရသလို ကော့သောင်းဘက်ကနေ ရနောင်းမှာ အလုပ်လာ လုပ်ကြသူတွေလည်း အခက်အခဲဖြစ်နေကြကြောင်း ကော့သောင်းမြို့ခံ မူခင်းသတင်းထောက် ဦးသန်းထိုက်က ပြောပြပါတယ်။

“ဟုတ်ကဲ့ခင်ဗျ၊ ပိတ်ထားတယ်ခင်ဗျ။ ၃ ရက်ပိတ်တယ်။ မနေ့က စပိတ်တယ်။ မုန်တိုင်းကြောင့်လေ။ အာဏာ မာန်သူဌေးကျွန်းတောင် ပိတ်ထားတယ်။ ပြန်ဖို့က နည်းနည်းတော့ခက်ခဲတယ်။ ဒီဘက်က လူတွေလည်း ဟိုဘက် သွားဖို့ ခက်ခဲတယ်။ အလုပ်သမားတွေလည်း ခက်ခဲနေကြတယ်။ မုန်တိုင်း အခြေအနေက စိုးရိမ်ရ လို့လေ။ မိုးကတော့ဆက်တိုက်ရွာနေတယ်။ ဘယ်လို ရွာနေသလဲဆိုတော့ မိုးဦးကျတုန်းက ရွာသလိုမျိုး ဆက်တိုက် ရွာနေတယ်။”

Pabuk မုန်တိုင်းဘေးရှောင်ဖို့ ငါးဖမ်းလှေတစင်းကို ကမ်းပေါ်တင်နေကြတဲ့ တံငါသည်များ (၀၁-၀၅-၁၉)
Pabuk မုန်တိုင်းဘေးရှောင်ဖို့ ငါးဖမ်းလှေတစင်းကို ကမ်းပေါ်တင်နေကြတဲ့ တံငါသည်များ (၀၁-၀၅-၁၉)

ခုလို နှစ်နိုင်ငံ သွားလာနေတဲ့ စက်လှေတွေရပ်ဆိုင်းလိုက်လို့ ထိုင်းနိုင်ငံဘက်မှာ ဈေးဝယ်ဖို့ လာရောက်နေကြ တဲ့ မြန်မာနိုင်ငံသားတွေ ပါနမ့်လှေဆိပ်မှာ စုပုံနေပြီး ကော့သောင်းဘက်ကို ပြန်လို့မရနိုင်ဘဲဖြစ်နေကြတာပါ။

ရနောင်းမြို့ပိုင် နိုင်ကျတိဖုန်း ပီရဘွတ် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတဲ့ မုန်တိုင်းဆိုင်ရာ သတိပေးချက် မှာတော့ ပင်လယ်ပြင်အတွင်း မှာ မုန်တိုင်းကြောင့် လှိုင်းကြီးလာမှာဖြစ်လို့ သင်္ဘောကြီးငယ် စက်လှေတွေ အတွက် အန္တရာယ်ရှိတာကြောင့် ပင်လယ်ထွက်ခွာခွင့် ရပ်ဆိုင်းထားတာလို့ ဆိုပါတယ်။

ရနောင်းမြို့နဲ့ ကော့သောင်းမြို့ ၂ ဘက်လုံးမှာ စနေနေ့ကတော့ မိုးဆက်တိုက်ရွာနေပြီဖြစ်ပါတယ်။
စနေနေ့ နေလည်ပိုင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန ဂြိုဟ်တုမှတ်တမ်းထုတ်ပြန်ချက်ပုံမှာတော့ မုန်တိုင်းဟာ ထိုင်းတောင်ပိုင်း ခရိုင်တွေနဲ့ ထိုင်းပင်လယ်ကွေ့တဝိုက် လှည့်ပတ်တိုက်နေပြီး ထိုင်းနိုင်ငံနဲ့ကပ်လျက်
မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာလည်း မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် မိုးကြီး လေထန်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်ကျရေကြီးမှုကို သတိထားရပါလိမ့်မယ်-လို့လည်း သတိပေးနေပါတယ်။

မြန်မာနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့သတင်းအရ မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီ မိုင် (၄၀) အထိ တိုက်ခတ်နိုင်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရဲ့လှိုင်းအမြင့်ကတော့မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်အပြင် ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈) ပေကနေ (၁၀) ပေခန့်နဲ့ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၄) ပေကနေ (၆) ပေခန့် ရှိနိုင်တယ်လို့ သတိပေးနှိုးဆော် ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG