သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လွှမ်းမိုးမှု တန်ပြန်မယ့် TPP သဘောတူညီမှုရရှိ


TPP နိုင်ငံများနဲ့ တခြား ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်များ
TPP နိုင်ငံများနဲ့ တခြား ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်များ

အမေရိကန်ပြည်ထောင်စုနဲ့ ပစိဖိတ်ရပ်ဝန်း ၁၁ နိုင်ငံတို့ကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် နောက်ဆုံးအဆင့် သဘောတူညီချက်ကို တနင်္လာ မနေ့တုန်းက ရယူနိုင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးရဲ့ ထက်ဝက်နီးပါးရှိတဲ့ ပစိဖိတ်သမုဒ္ဒရာနိုင်ငံတွေကြား ကုန်သွယ်ရေး အဟန့်အတားတွေကို လျှော့ချသွားမှာဖြစ်သလို အခွန်လျှော့ချတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

TPP လို့အတိုကောက်ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာ တဖက်တချက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လွှတ်တော်က အတည် ပြု ပြဌာန်းပေးဖို့ အချိန်ယူရဦးမှာဖြစ်ပေမယ့် ပစိဖိတ်နိုင်ငံတွေနဲ့ အခုလို သဘောတူညီမှု ရလိုက်တာဟာ သမ္မတအိုဘားမားအတွက် သူ့ နိုင်ငံခြားရေး မူဝါဒထဲကအဓိကအောင်မြင်မှုတရပ် ဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ဟာ အမေရိကန်တွေရဲ့စံတန်းဖိုးကို ထင်ဟပ်စေသလို အမေရိကန် အလုပ်သမားတွေ ခံစားထိုက်တဲ့ အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းခွင့်ကိုလည်း ဖန်တီးပေးရာရောက်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်တဲ့ စည်းမျည်းတွေကို တရုတ်လို နိုင်ငံမျိုးကရေးဆွဲဖို့ အမေရိကန်က ခွင့်မပြုနိုင်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အလုပ်သမားတွေကို အကာကွယ်ပေးထားမယ့် ဒီ စည်းမျည်းတွေကို အမေရိကန်ကသာ ရေးဆွဲသင့်တယ်လို့လည်း သမ္မတက ဆိုပါတယ်။ TPP စာချုပ်ဟာ တရုတ်ရဲ့ဒေသတွင်း စီးပွားသြဇာကြီးထွားမှုကို တန်ပြန်လိုတဲ့သဘောလို့ ပညာရှင်တွေက သုံးသပ် ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကလည်း ဒီ သဘောတူညီမှုဟာ TPP မှာပါတဲ့ နိုင်ငံတွေအားလုံး အတွက် အမြော်အမြင်ကြီးတဲ့ ပေါ်လစီ တရပ် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသဘောတူညီမှု ရရှိရေးအတွက် (၇)နှစ်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာဖြစ်ပါတယ်။ အသေးစိတ် အချက် အလက်တွေကိုတော့ ထုတ်ပြန်ကြေညာဖို့ ကျန်ရှိနေပါတယ်။ အခြေခံအားဖြင့် မော်တော်ကား၊ ဆေးဝါးနဲ့ နို့ထွက်ပစ္စည်းတွေအပါအဝင် ကုန်စည်နဲ့ ဝန်ဆောင် လုပ်ငန်း အများအပြားအပေါ် ဒီသဘောတူညီမှုဟာ အခွန်ငွေတွေနဲ့ ကုန်သွယ်ရေး အတား အဆီးတွေကို လျှော့ချ ပေးမှာဖြစ်ပါတယ်။ သမ္မတ အိုဘားမားအနေနဲ့ ဒီ သဘောတူညီမှုကို ရက်ပေါင်း ၉၀ အတွင်း လက်မှတ်ရေးထိုးရမှာဖြစ်ပြီး အတည်ပြုချက် ယူဖို့ လွှတ်တော်ထံ တင်ပြရမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့အပါအဝင် သြစတြေးလျား ဘရူနိုင်း ကနေဒါ ချီလီ မလေးရှား မက္ကဆီကို နယူးဇီလန် ပီရူး စင်္ကာပူနဲ့ ဗီယက်နမ်တို့ ဒီသဘောတူညီမှုမှာ ပါဝင်ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး နိုင်ငံဖြစ်တဲ့ တရုတ်ကတော့ ဒီ သဘောတူညီမှုမှာ မပါဝင်ပဲ သူ့ကိုယ်ပိုင် စီးပွားရေး စနစ်ကို လိုက်နာကျင့်သုံး ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG