သုံးရလွယ်ကူစေသည့် Link များ

ပုဂံယဉ်ကျေးမှုနယ်မြေမှာ စစ်ကောင်စီ လုံခြုံရေးအင်အား တိုးချထား


pagan pagoda (Sithu / Htet Aung khant )
pagan pagoda (Sithu / Htet Aung khant )


[[Zawgyi/Unicode]]

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းကို မနေ့က စစ်ကောင်စီတပ်အင်အား အများအပြားရောက်လာပြီး ဒီနေ့ ဇွန်လ ၁၅ ရက်မှာတော့ ပုဂံမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေတဝိုက်မှာ လုံခြုံရေး စစ်ဆေးတာတွေ စပြီးလုပ်နေတယ် လို့ ဒေသခံတွေကပြောပါတယ်။ လက်နက်အပြည့်အစုံနဲ့တပ်သားတွေက ပုဂံမြို့ဟောင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတချို့မှာ တပ်စွဲထားပြီး ရက်အတန်ကြာ လုံခြုံရေး ယူထားမယ်လို့လည်း ဘုန်းကြီးကျောင်းတချို့နဲ့နီးစပ်တဲ့ ပုဂံဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်သားအများအပြား ပုဂံမြို့ဟောင်းထဲမှာ မနေ့ကစလို့ တပ်စွဲထားတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းကစလို့ ညောင်ဦးမြို့ကနေ ပုဂံမြို့ဟောင်းကိုလာတဲ့ အဓိကလမ်းတွေမှာ အင်အားအများအပြားနဲ့ ဖြတ်သွား ဖြတ်လာသူတွေကို စပြီး စစ်ဆေးနေတယ်လို့ ပုဂံမြို့ဟောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

အခုလို ရုတ်တရက်စစ်ဆေးမှုတွေ တိုးလုပ်တဲ့အကြောင်းရင်းအတိအကျကိုတော့ သတင်းထုတ်ပြန်တာမရှိလို့ မသိရဘူးလို့ သူကပြောပါတယ်။

"ရက် ၂၀ လောက်တပ်စွဲမယ်လို့ ကျနော်ကြားမိတယ်ဗျ။ ကျနော်က သူတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းနဲ့ နီးနီးစပ်စပ် နေနေရတာဆိုတော့။ သိရသလောက် လေးနိုင်ငံအစည်းအဝေး မဲခေါင်ဒေသ အစည်းအဝေးလို့လည်း ပြောတယ်ဗျ။ တိတိကျကျရယ်လို့တော့ သူတို့သတင်း မထုတ်ပြန်ထားဘူး။ ခရီးသွားတွေကလည်း တော်တော်ပါးသွားတယ်ဗျ၊ သူတို့ဒီလို တပ်လာစွဲလိုက်တော့။ သိသိသာသာကြီး ခရီးသွား ကျသွားတယ်ဗျ။"

ပုဂံမြို့ဟောင်းကိုသွားတဲ့ အနော်ရထာလမ်းမကြီး တလျှောက်မှာလည်း ဖြတ်သွားဖြတ်လာတွေကို စစ်ဆေးရှာဖွေတာတွေ စပြီး လုပ်နေတယ်လို့ နောက်ထပ် ပုဂံဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

" ပြောရရင် အင်အားကတော့ သူတို့က ရှိတော့ ရှိတယ်။ မနေ့ကရောက်လာတာ များတယ်။ ဒါပေမယ့် ပုံမှန်ထက်စာရင် ဂရုစိုက်ရတာပေါ့။ မနက်က ပုဂံမြို့ဟောင်း၊ ရွာဟောင်းကြီးမှာတော့ စစ်တယ်။ လူအင်အားကတော့ တော်တော်တော့ များလာတယ်။"

မနေ့ အင်္ဂါနေ့က စစ်ကောင်စီတပ်သား အပြည့်တင်ထားတဲ့ စစ်ကား ၁၅ စီးလောက် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ဘက်က ထွက်ခွာခဲ့ပြီး ပုဂံ- ညောင်ဦးဘက်ကို ရောက်ရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။ ခန့်မှန်းခြေအရ စစ်သားနဲ့ ရဲအင်အား ၃၀၀ နီးပါးလောက် ရှိလိမ့်မယ်လို့ ပုဂံမြို့ဟောင်းမှာနေထိုင်တဲ့ ဒေသခံတဦးက အခုလိုပြောပါတယ်။

" FAW ကားတစီး၊ စူပါကပ်စတန်တစီး၊ ပြီးတော့ လိုက်ထရပ်တစီးက မြို့အရှေ့ ဘက်အခြမ်းကို သွားတာဆိုတော့ အဲဒီမှာတင်ပဲ အင်အားက ၁၀၀ လောက် ပါနိုင်တယ်ဗျ။ ကျနော်တို့ မသိရတဲ့နေရာတွေမှာလည်း သူတို့တပ်စွဲထားတာတွေ ရှိတယ်လေ၊ ကျနော်သိရသလောက် ဘုန်းကြီးကျောင်း သုံးလေးကျောင်းလောက် တပ်စွဲထားတယ်၊ ဘုရားတွေမှာလည်း တပ်စွဲထားတယ်။ အင်အားကတော့ ၃၀၀ ဝန်းကျင်လောက် ရှိလိမ့်မယ်။ ဒါပေမယ့် သူတို့က မြို့ပေါ်မှာ ပတ်ကင်းတွေ လှည့်ကင်းတွေနဲ့ မလုပ်ဘူးဗျ၊ အာဏာသိမ်းပြီးကတည်းက ဒီမှာ လှည့်ကင်းအနေနဲ့ တရက်တစီးလောက်ပဲ ပုံမှန်လှည့်တာလေ။ အဲဒီတော့ သူတို့က သူတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းထဲပဲနေတယ်ဗျ။ မြို့ထဲ မြို့အပြင်ကို အခုအချိန်ထိတော့ မလာသေးဘူးဗျ။"

သဗ္ဗညု၊ ရတနာမာန်အောင်၊ ပအိုကျောင်း၊ ဓမ္မရာဇက စတဲ့နေရာတွေမှာ လုံခြုံရေး အများအပြားတပ်စွဲထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုလို ပုဂံယဉ်ကျေးမှုနယ်မြေမှာ လုံခြုံရေး ရုတ်တရက်တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===============
[[Unicode]]











===============

XS
SM
MD
LG