သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်စစ်သွေးကြွတွေ ကန်အဝေးထိန်းဒုံးကြောင့် သေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူမျိုးစုတွေ နေထိုင်တဲ့ဒေသမှာ အမေရိကန် အဝေးထိန်းဒုံး Drone နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွ ၁၀ ဦး သေဆုံးသွားတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တောင်ပိုင်း Waziristan ဒေသအတွင်းမှာရှိတဲ့ ကျေးရွာကို တနင်္ဂနွေနေ့က ဒုံးကျည် ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ စစ်သွေးကြွခေါင်းဆောင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စနေနေ့တုန်းကလည်း အဲဒီ ဒေသမှာပဲ အလားတူ အဝေးထိန်းဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်သွေးကြွ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။

မနှစ်က နိုဝင်ဘာလအတွင်း နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂၄ ဦး သေဆုံးပြီး နောက်ပိုင်း အမေရိကန်နဲ့ ပါကစ္စတန်အကြား အခုလို အဝေးထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့ ကိစ္စတွေကြောင့် တင်းမာမှုတွေ တဖြည်းဖြည်း တိုးလာနေပါတယ်။

အဲဒီ နိုဝင်ဘာ တိုက်ခိုက်မှုအပေါ် တောင်းပန်ဖို့ ပါကစ္စတန်ဘက်က တောင်းဆိုနေပေမဲ့ အမေရိကန်တို့က အဲဒီလို တောင်းပန်ဖို့ ငြင်းဆိုနေတာပါ။

လေကြောင်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်တဲ့ကိစ္စက တန်ပြန် အကျိုးသက်ရောက်မှု ဖြစ်ထွန်းစေသလို ပါကစ္စတန်ရဲ့ အချုပ်ခြာ အာဏာကို ထိပါးပြီး အရပ်သားတွေ အသက်ဆုံးရှုံးရတဲ့အပြင် အမေရိကန် မုန်းတီးရေးတွေ ကြီးထွားလာစေတယ်လို့ ပါကစ္စတန်ဘက်က ပြောနေတာပါ။

XS
SM
MD
LG