သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်စစ်တပ် အကြီးအကဲ အာဖဂန်ရောက်


ပါကစ္စတန်မှာ Peshawar ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်ပြီးတဲ့ နောက်တနေ့မှာပဲ ပါကစ္စတန် အာဖဂန် နယ်စပ်လုံခြုံရေး အခြေအနေကို အာဖဂန်သမ္မတ Ashraf Ghani နဲ့ ဆွေးနွေးဖို့ ပါကစ္စတန် စစ်တပ်အကြီးအကဲဟာ အာဖဂန်နိုင်ငံကို ရောက်ရှိလာပါတယ်။

အင်္ဂါနေ့က Peshawar ကျောင်းကို တာလီဘန်စစ်သွေးကြွတွေ တိုက်ခိုက်ရာမှာ ကလေး ၁၃၂ ဦး သေဆုံးခဲ့ရတာပါ။ ပါကစ္စတန်ကို တိုက်ခိုက်တဲ့ အကြမ်းဖက်သမားတွေ အနေနဲ့ အာဖဂန်မြေကို အသုံးချတာမျိုး မဖြစ်စေရဘူးလို့ အာဖဂန်သမ္မတ Ghani က ပါကစ္စတန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Raheel Sharif က ကတိပေး ပြောသလို၊ ဒီလို လုပ်ရပ်မျိုးလုပ်မယ့် လက္ခဏာ တွေ့လာရင်လည်း တိုက်ခိုက် ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။

ပါကစ္စတန် ဗိုလ်ချုပ်ကြီး Sharif ဟာ ပါကစ္စတန် ထောက်လှမ်းရေး ISI အကြီးအကဲ Rizwan Akhtar နဲ့အတူ အာဖဂန်ကို ရောက်နေတာဖြစ်ပြီး၊ အာဖဂန်မှာရှိတဲ့ နေတိုးတပ်ဖွဲ့ အကြီးအကဲ အမေရိကန် ဗိုလ်ချုပ်ကြီး John Campbell ကိုလည်း သီးခြား တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်မျိုး အရင်တုန်းက မရှိခဲ့ဘူးဘဲ၊ ဒါဟာ ပါကစ္စတန် အာဖဂန် ဆက်ဆံရေးမှာ အရေးပါမှု ဖြစ်မယ်လို့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ တွေ့ဆုံဆွေးနွေးစဉ်မှာတော့ Peshawar ကျောင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အရေးအကြီးတဲ့ ထောက်လှမ်းရေး အချက်အလက် ဖလှယ်မှုတွေလည်း လုပ်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ Peshawar ကျောင်းကို တာလီဘန်တွေ အင်္ဂါနေ့က တိုက်ခိုက်မှုအပေါ် ပါကစ္စတန် တာဝန်ရှိသူတွေဖက်က စတင် တုန့်ပြန်ဆောင်ရွက်မှု လုပ်နေပါတယ်။ ကလေးငယ် ၁၃၂ ဦးနဲ့ ဝန်ထမ်း ၉ ဦး သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်အပေါ်မှာ တနိုင်ငံလုံး ပူဆွေးဝမ်းနည်းမှုအဖြစ် ဒီကနေ့ကစ သုံးရက်ကြာ ပြုလုပ်မှာလည်းဖြစ်ပါတယ်။ အကြမ်းဖက် သမားတွေကို သေဒဏ်အပြစ်ပေးမှု ဆိုင်းငံ့ထားတာကို ဝန်ကြီးချုပ် Nawaz Sharif က ဒီကနေ့မှာ ပြန်ပယ်ဖျက်လိုက်ပါတယ်။ အကြမ်းဖက်သမားတွေကို သေဒဏ် အပြစ်ပေးဖို့ ၂၀၀၈ ခုနှစ်က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ဒါကို ဒီမတိုင်ခင်က ဆိုင်းငံထားတာပါ။ အာဖဂန်နဲ့ နယ်ချင်းစပ် ပါကစ္စတန် အနောက်မြောက်ပိုင်းက တိုင်းရင်းသား လူမျိုးစုဒေသတွေက စစ်သွေးကြွတွေကို စစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ် သွားမယ်လို့လည်း Mr. Sharif က ကတိပြုခဲ့ပါတယ်။

တာလီဘန် သူပုန်တွေကို ပါကစ္စတန် စစ်တပ်က စစ်ဆင်တိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့ အနေနဲ့ အင်္ဂါနေ့ တိုက်ခိုက်မှုကို သူတို့ လုပ်တာဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်တွေက ပြောပါတယ်။

XS
SM
MD
LG