သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရာချိခရီးသည်တင်ကား တိုက်ခိုက်ခံရမှု ၄၃ ဦး သေဆုံး


ကရာချိ ဆေးရုံအနီး လုံခြုံရေးတချို့ကို တွေ့ရစဉ်

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ ဘတ်စ်ကား တစီးကို သေနတ်သမားတွေ တိုက်ခိုက်တာကြောင့် အမျိုးသမီး ၁၆ ယောက် အပါအဝင် လူ ၄၃ ယောက်ထက်မနည်း သေဆုံးသွားပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ လူနည်းစု ရှီယာ Ismaili မူဆလင်တွေပါ။ မော်တော်ဆိုင်ကယ်တွေနဲ့ လူ ၆ ယောက်က ဘတ်စ်ကားကို ရုတ်တရက် တိုက်ခိုက်ပြီးတော့ ကားပေါ်တက်ပြီး ခရီးသည်တွေကို ပစ်ခတ်တာလို့ ပြည်နယ်ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် Ghulam Haider Jamail ကပြောပါတယ်။ ခရီးသည်တွေက သေနတ်သမားတွေကို သူတို့ကို လာလုတဲ့လူတွေလို့ထင်ပြီး မိုဘိုင်းဖုန်းတွေ၊ ပိုက်ဆံတွေ အပါအဝင် သူတို့မှာပါတဲ့ ပစ္စည်းတွေကို ချက်ခြင်းထုတ်ပေးကြပြီးတော့ အသက်ချမ်းသာပေးဖို့ တောင်းပန်ကြတယ်လို့ မျက်မြင်တွေကပြောပါတယ်။

ဒါပေမဲ့ သေနတ်သမားတွေက ခရီးသည်တွေကို ခေါင်းငုံ့ခိုင်းထားပြီးတော့ သေနတ်တွေနဲ့ ပစ်သတ်လိုက်တာလို့ ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာပါတဲ့ ကလေးနှစ်ယောက်နဲ့ ယာဉ်မောင်းကို သေနတ်သမားတွေက မပစ်ဘဲ ဆေးရုံကိုမောင်းဖို့ ယာဉ်မောင်းကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကရတဲ့ အထောက်အထားတွေအရ တိုက်ခိုက်တာမှာသုံးတဲ့ လက်နက်တွေထဲမှာ sub machine gun တွေနဲ့ ၉ မမ ပစ္စတိုလ်သေနတ်တွေပါတယ်လို့ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG