ပါကစ္စတန်နိုင်ငံထဲကို ဝင်ပြီး အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို စီးနင်းသုတ်သင်တဲ့ ကိစ္စအတွက် အမေရိကန်နိုင်ငံကို ပါကစ္စတန် လွှတ်တော်က ရှုတ်ချလိုက်ပါတယ်။
တချိန်တည်းမှာပဲ အဲဒီ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အမေရိကန်နိုင်ငံက အဖွဲ့အစည်း တချို့ကလည်း တောင်းဆိုနေကြပါတယ်။
သောကြာနေ့က လုပ်ခဲ့တဲ့ ပါကစ္စတန် လွှတ်တော်နဲ့ အမျိုးသား စုံညီအစည်းအဝေးမှာ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲနဲ့ ထိပ်တန်း စစ်ခေါင်းဆောင်တွေကို ဥပဒေပြု အဖွဲ့တွေက မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။
တံခါးပိတ် အစည်းအဝေး အပြီးမှာ လွတ်လပ်တဲ့ ကော်မရှင်တခု ဖွဲ့စည်းပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံက ဥပဒေဆိုင်ရာ စောင့်ကြည့်လေ့လာရေး Judicial Watch အဖွဲ့က သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေအရ ဘင်လာဒင် စစ်ဆင်ရေးနဲ့ဆိုင်တဲ့ ဓာတ်ပုံတွေကို ထုတ်ပေးဖို့ သောကြာနေ့က ဥပဒေကြောင်းအရ အမှုဖွင့် တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ပန်တဂွန် စစ်ဌာနချုပ်က တောင်းဆိုတဲ့ ရက် ၂၀ အတွင်းမှာ ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
ဒီအတောအတွင်း စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို ထုတ်ပေးဖို့ မလိုအပ်ဘူး ဆိုပြီးတော့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက AP သတင်းကို ပြောဆိုခဲ့ပါတယ်။
အမေရိကန် ဆန့်ကျင်မှုတွေ ထပ်ပြီး မဖြစ်လာအောင် ဘင်လာဒင်ကို သုတ်သင်တဲ့ စစ်ဆင်ရေးက ဓာတ်ပုံတွေကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမား (Barack Obama) က ပြီးခဲ့တဲ့ အပတ်က ပြောဆိုခဲ့ပါတယ်။
ဘင်လာဒင် ပုန်းအောင်းခဲ့တဲ့ နေရာက ပိုင်ရှင်မဲ့ ဓာတ်ပုံတွေကို တွေ့ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူတွေက သောကြာနေ့က ပြောဆိုလိုက်ပါတယ်။ အဲဒီဓာတ်ပုံတွေကို ဘင်လာဒင် ကြည့်ခဲ့ရသလား ဆိုတာကိုတော့ ဘယ်သူကမှ အတည်ပြု ပြောဆိုနိုင်တာမျိုး မရှိဘူးလို့ သိရပါတယ်။