ပါကစ္စတန်နိုင်ငံမှာ ကိုရန်ကျမ်းစာအုပ်ကို ထိခိုက်စော်ကားတယ်လို့စွပ်စွဲပြီး ခရစ်ယာန် ဘာသာဝင် ဇနီးမောင်နှံနှစ်ဦးကို သတ်ပစ် တဲ့အမှုနဲ့ ဆက်စပ်ပြီး လူ ၄၄ ယောက်ထက်မနည်းကို ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
လာဟိုးမြို့ အနောက်တောင်ဘက် ၃၇ မိုင်ကျော်အကွာ Kot Redha Kishan မြို့မှာ အဲဒီသတ်ဖြတ်မှုဖြစ်တာပါ။
အမျိုးသားနဲ့ သူ့ရဲ့ဇနီးဖြစ်သူကို ဒေါသထွက်နေတဲ့လူအုပ်ကြီးက ရိုက်သတ်လိုက်ပြီး အဲဒီဇနီးမောင်နှံအလုပ်လုပ်နေတဲ့ အုတ်ဖိုမှာပဲ မီးရှို့ လိုက်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဲဒီ ဇနီးမောင်နှံ ဟာ ဘုရားသခင်ကိုစော်ကားတယ်ဆိုပြီး ဘာသာရေးဆရာတဦးက သူ့ပလီကျောင်းရဲ့ လော်စပီကာ ကနေ ကြေညာပြောဆို တာကြောင့် လူအုပ်ကို ဆွပေးသလိုဖြစ်သွားတာလို့ ရဲကပြောပါတယ်။
လူနည်းစုတွေကို အကာအကွယ်ပေးဖို့ အာဏာပိုင်တွေက ပျက်ကွယ်တယ်ဆိုပြီး ရာပေါင်းများစွာသော ပါကစ္စတန်နိုင်ငံသား ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ ဒီသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က လာဟိုးမြို့မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။
တာဝန်သိ ပြည်နယ်တခုအနေနဲ့ သည်းမခံနိုင်တဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ ၀န်ကြီးချုပ် န၀ပ်ဇ် ရှရစ်ဖ်က ပြော ပါတယ်။
မူစလင် အများစုဖြစ်တဲ့ ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးလူနည်းစုတွေအပေါ် အကြမ်းဖက် တိုက်ခိုက်တာတွေကို အပြစ်ပေး အရေးမယူတဲ့အခြေအနေမျိုး ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြစ်တင် ရှုတ်ချထားပါတယ်။
*********************