တနင်္လာနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တာလီဘန် ဆန့်ကျင်ရေး အစည်းအဝေး တခုထဲမှာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ လူ ၂ ဦးကြောင့် လူ အနည်းဆုံး ၅၀ သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အာဖဂန် နယ်စပ်နားက မိုမန်မျိုးနွယ်စု (Mohmand) ဒေသထဲကို မော်တော်ဆိုင်ကယ်စီးပြီး ဝင်ရောက်လာတဲ့ တိုက်ခိုက်သူတွေဟာ ပုလိပ်အရာရှိတွေလို ဝတ်ဆင် ရုပ်ဖျက်ထားခဲ့ကြတယ်လို့ အစိုးရ အရာရှိတွေဘက်က ပြောခဲ့ပါတယ်။
တိုက်ခိုက်မှုရဲ့ သားကောင်ဖြစ်ရသူတွေထဲမှာ မျိုးနွယ်စုခေါင်းဆောင်တွေ၊ ရဲနဲ့ ဒေသခံ အရာရှိတွေအပြင် စာနယ်ဇင်းသမား ၂ ယောက်လည်း ပါတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်ရှိပါတယ်လို့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။
အဲဒီဒေသမှာ လက်နက်ကိုင်တွေကို တိုက်ခိုက် နှိမ်နင်းနေတဲ့ ပါကစ္စတန် စစ်တပ်ဟာ အယ်လ်ကိုင်းဒါး ဆက်နွယ်တဲ့ အုပ်စုတွေနဲ့ တာလီဘန်တွေကိုတော့ အပြီးသတ် မချေမှုန်းနိုင်သေးဘူးလို့ သတင်းတွေက ဆိုပါတယ်။
သောင်းကျန်းသူတွေကို တိုက်ခိုက်ဖို့အတွက် ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့ဖို့ စစ်တပ်ရဲ့ ကြိုးပမ်းမှုကို နှောင့်ယှက်ဖို့ လက်နက်ကိုင်တွေဘက်က ဒေသခံ မျိုးနွယ်စု ခေါင်းဆောင်တွေကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။