ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီဇာဒါရီ (Asif Ali Zardari) ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့အတွက် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံက မီဒီယာ သတင်းတွေမှာ ရေးသားထားပါတယ်။
ပါကစ္စတန်နဲ့ မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နှစ်နိုင်ငံအကြား ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိစ္စ၊ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။
သမ္မတ အလီဇာဒါရီ ဟာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ပြောခွင့်ရသူ ဖာဟတ်တူလာ ဘာဘား က ပြောဆိုပါတယ်။ မြန်မာနိုင်ငံကနေ ပြန်လည်မထွက်ခွာခင် သမ္မတ အလီဇာဒါရီ ဟာ ရန်ကုန်မြို့မှာရှိတဲ့ မဂိုဘုရင် စပါးရှားရဲ့ အုပ်ဂူကိုလည်း သွားရောက် ဂါရ၀ပြုဖို့ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံမှာ အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် မြန်မာအစိုးရ ခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာ သမ္မတ အလီဇာဒါရီ က ပါကစ္စတန်ကို အာဆီယံရဲ့ အပြည့်အ၀ ဆွေးနွေးဘက်နိုင်ငံအဆင့် တိုးမြှင့်သတ်မှတ်ရေး ကိစ္စကို ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။