သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆိုင်ရာ ကန်မူဝါဒ ပါကစ္စတန်ဝေဖန်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ အာဖဂန်နစ္စတန်နိုင်ငံ ခရီးစဉ်အတွင်း အာဖဂန်ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို အမေရိကန်စစ်အခြေစိုက်စခန်းထဲမှာ လုပ်ခဲ့တာကိုထောက်ပြပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန် ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ ပါကစ္စတန်ရဲ့ ရပ်တည်ချက် ကိုလဲ ပါကစ္စတန်လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် Ayaz Gul ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက် မအောင်မြင်မှုဟာ ဒီသီတင်းပတ်အတွင်း ဝန်ကြီး Tillerson ရဲ့ အာဖဂန်နစ္စတန်ခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့တာတွေက သက်သေပြနေတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ပြောတာပါ။ ဝန်ကြီး Tillerson ဟာ အမေရိကန် စစ်အခြေစိုက်စခန်းကနေ အပြင်မထွက်နိုင်ဘဲ အာဖဂန်ခေါင်းဆောင်တွေနဲ့ အဲဒီ စခန်းထဲမှာပဲ တွေ့ခဲ့ရတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Khawaja Asif က ကြာသပတေးနေ့မှာပြောပါတယ်။

အာဖဂန်နစ္စတန်မှာ တိုက်ခိုက်လာတာ ၁၆ နှစ်ကြာလာပြီဖြစ်ပေမဲ့ အမေရိကန်ရဲ့ မအောင်မြင်တဲ့ အခြေအနေတခုလုံးကို ဒီအဖြစ် အပျက်ကပြောနေတယ်လို့ ပါကစ္စတန်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီမှာ ဝန်ကြီး Asif က ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်အကြား တန်းတူညီမျှတဲ့ သတ်မှတ်ချက်တွေပေါ်မှာ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးဖြစ်ဖို့ ကြိုးစားနေပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့လဲ ဝန်ကြီး Asif ကဆိုပါ တယ်။ ဒါပေမဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိခိုက်မခံသလို ပါကစ္စတန်ကို တရားခံရှာ ပြောဆိုတာမျိုးကိုလဲ လက်ခံမှာမဟုတ် ဘူးလို့ ဝန်ကြီး Asif ကပြောပါတယ်။

ဝန်ကြီး Tillerson ဟာ တနင်္လာနေ့က အာဖဂန်နစ္စတန်ကိုသွားခဲ့ပြီး နှစ်နာရီကြာနေခဲ့ပါတယ်။ အဲဒီအချိန်အတွင်း ကာဘူးလ်မြို့ တော်မြောက်ဘက် ၆၀ ကီလိုမီတာလောက်ဝေးတဲ့ Bagram အမေရိကန် စစ်အခြေစိုက်စခန်းထဲမှာ အာဖဂန်သမ္မတ Ashraf Ghani နဲ့ သူ့ရဲ့ညီညွတ်ရေးအစိုးရအဖွဲ့ထဲက ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စစ်စခန်းထဲမှာ တွေ့ဆုံဖို့ စီစဉ်ရတာဟာ လုံခြုံရေးကြောင့်လို့ တာဝန်ရှိသူတွေက အကြောင်းပြပါတယ်။

အင်္ဂါနေ့မှာတော့ ဝန်ကြီး Tillerson က ပါကစ္စတန်ကိုခရီးဆက်ပြီး ဝန်ကြီးချုပ် Shahid Khaqan Abbasi ဦးဆောင်တဲ့ ပါကစ္စတန် အရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အကြောင်းအရာမျိုးစုံပေါ် အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။

ပါကစ္စတန်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်သွေးကြွတွေနဲ့ အကြမ်းဖက်ဝါဒီတွေကို ရှင်းလင်းရေး ပါကစ္စတန်က ပိုပြီးလုပ်ဆောင်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောထားတာကို ဝန်ကြီး Tillerson ကထပ်ပြောခဲ့ပြီး အာဖဂန် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ် ရေးဆိုင်ရာ ကြိုးပမ်းမှုတွေမှာ ပါကစ္စတန်ကပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

တာလီဘန်နဲ့ ဟက်ကာနီကွန်ယက်အဖွဲ့တွေကို ပါကစ္စတန်က နေရာပေးထားပြီး လျှို့ဝှက်ဆက်ဆံရေး ဆက်ရှိနေတယ်လို့ စွပ်စွဲခံ ထားရတာပါ။ ဒီစစ်သွေးကြွအဖွဲ့နှစ်ဖွဲ့လုံးဟာ အာဖဂန်နစ္စတန်မှာ အပြင်းအထန် လက်နက်ကိုင် တိုက်ခိုက်နေကြတာပါ။ အာဖဂန် တာလီဘန်အဖွဲ့ဟာ သူတို့ရဲ့စခန်းတွေကို အာဖဂန်ဘက်ခြမ်းနယ်စပ်ကို ရွှေ့ထားပြီးဖြစ်တာကြောင့် ဒီအဖွဲ့အပေါ် ပါကစ္စတန်ရဲ့ သြဇာလွှမ်းမိုးမှုက မရှိတော့ဘူးလို့ ဝန်ကြီး Asif ကပြောပါတယ်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပွဲတွေဟာ ပွင့်လင်းပြီး အပြန်အလှန်စွပ်စွဲတာတွေမရှိဘဲ ရင်းရင်းနှီးနှီးရှိခဲ့တယ်လို့ ဝန်ကြီး Asif က အောက်လွှတ်တော်ကို ဗုဒ္ဓဟူးနေ့မှာ အစီရင်ခံတင်ပြခဲ့ပါတယ်။

ခိုင်မာတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို အမေရိကန်ကပေးမယ်ဆိုရင် သူ့မြေပေါ်မှာရှိတဲ့ ဘယ်လိုစစ်သွေးကြွအဖွဲ့ကို မဆို နှိမ်နင်းမယ်လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်ကပြောခဲ့တဲ့အကြောင်း ဝန်ကြီး Asif ကပြောပြီး စစ်သွေးကြွ အဖွဲ့တွေကို ပါကစ္စတန်က သူ့နိုင်ငံထဲမှာ လက်ခံထားတယ်ဆိုတာကိုလဲ ထပ်ပြီးငြင်းခဲ့ပါတယ်။

ဒါပေမဲ့လဲ သူတို့စစ်ပွဲကို သူတို့ကိုယ်စား ကျနော်တို့က တိုက်ပေးစေချင်တယ်ဆိုရင်တော့ ဒါက လက်ခံနိုင်ဖွယ်ရာမရှိဘူးလို့ ဝန်ကြီး Asif ကပြောပါတယ်။ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး ပါကစ္စတန်ရဲ့ လုပ်ဆောင်ချက်တွေဟာ ရလာဒ်ကောင်းတွေ ထွက်ထားပြီး နိုင်ငံတဝန်း လုံခြုံရေးတိုးတက်လာခဲ့တယ်လို့လဲ ဆိုပါတယ်။

ဒေသတွင်းမှာ သြဇာကြီးတဲ့နိုင်ငံတွေ ရှိနေတယ်ဆိုတာ အမေရိကန်ကို ကျနော်တို့ပြောခဲ့ပါတယ်၊ အဲဒီနိုင်ငံတွေက အမေရိကန်နဲ့ ဆက်ဆံရေးကောင်း မရှိလှပါဘူး၊ ဒါပေမဲ့ အာဖဂန်ကိစ္စမှာ သူတို့လဲပတ်သက်နေပါတယ်လို့ ရုရှားနဲ့အီရန်နိုင်ငံတွေကို ရည်ညွှန်းပြီး ဝန်ကြီး Asif ကပြောပါတယ်။ ဒီနှစ်နိုင်ငံစလုံးက တာလီဘန်တွေနဲ့ ဆက်ဆံရေးရှိနေတယ်ဆိုတာ လူသိရှင်ကြား ပြောထားတာပါ။

အာဖဂန်ပဋိပက္ခကို ဖြေရှင်းရေးနဲ့ ပတ်သက်လာရင် ဒီနိုင်ငံတွေရဲ့အခန်းကဏ္ဍကို ချန်ထားလို့မရဘူးလို့ ဝန်ကြီး Asif က ပြောခဲ့ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG