အိန္ဒိယနိုင်ငံက ရုရှားဆီကနေ ဒုံးလက်နက်ကာကွယ်ရေးစနစ် ဝယ်ယူတဲ့အပေါ် ပါကစ္စတန်က ဝေဖန် ပြောဆိုပါ တယ်။ အိန္ဒိယကတော့ ဒါဟာ သူတို့နို်င်ငံ ကာကွယ်ရေးကို ပိုအားကောင်းစေလိမ့်မယ်လို့ ပြောပါတယ်။ ဒီလိုလက်နက်စနစ်မျိုး တွေ ဝယ်ယူတပ်ဆင်တာကြောင့် အိန္ဒိယနဲ့ပါကစ္စတန်အကြား သမားရိုးကျပဋိပက္ခတွေ ဖြစ်လာမယ့်အန္တရာယ် ပိုများလာတယ်လို့ အမေရိကန်က ပြောပါတယ်။ အစ္စလာမ်မာဘတ်ကနေ Ayaz Gul ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ရုရှားလုပ် S-400 Triumph လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အိန္ဒိယက ဝယ်ယူတဲ့အပေါ် ပါကစ္စတန်ကဝေဖန်သလို ဒီ ခြိမ်းခြောက်မှုကို ပါကစ္စတန်အနေနဲ့ တန်ပြန်နိုင်တယ်ဆိုပြီးတော့လည်း ဂရုစိုက်စရာမလိုတဲ့သဘော ပြောပါတယ်။
ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးဆိုင်ရာ လက်ရှိစနစ်တွေထဲ အဆင့်အမြင့်ဆုံးလို့ ကျွမ်းကျင်သူတွေက ယူဆကြတဲ့ ဒီစနစ်ကို ဒေါ်လာ ၅.၄ ဘီလီယံနဲ့ ဝယ်ယူဖို့ အိန္ဒိယနဲ့ရုရှားအကြား မကြာသေးခင်ကပဲ လက်မှတ်ရေးထိုးထားတာပါ။ တရုတ်နဲ့ပါကစ္စတန်တို့ ရန်ကနေ ကာကွယ်မှုကို ပိုအားကောင်းစေဖို့ ဝင်လာတဲ့ဒုံးကျည်တွေကို ကောင်းကင်အမြင့်မှာပဲ ပစ်ချနိုင်တဲ့ ဒုံးကျည်စနစ်ကို လိုအပ်တယ်လို့ အိန္ဒိယကပြောထားပါတယ်။
ဒီစနစ်ဝယ်ယူတာကြောင့် “မဟာဗျူဟာမြောက် တည်ငြိမ်မှုကို နောက်ထပ် ထိခိုက်စေ” မှာဖြစ်ပြီး တောင်အာရှဒေသမှာ လက်နက်အပြိုင်တပ်ဆင်မှု “ပြန်စတင်လာမယ့်” အခြေအနေ ရောက်သွားစေမယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဌာနက သောကြာ နေ့မှာ တရားဝင် တုန့်ပြန်ပြောဆိုပါတယ်။
“မတည်မငြိမ်ဖြစ်စေတဲ့ ဘယ်လို လက်နက်စနစ်မျိုးရဲ့ ရန်ကနေမဆို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာ ပါကစ္စတန်အနေနဲ့ အပြည့် အဝ ယုံကြည်မှုရှိတယ်” လို့လည်း ပါကစ္စတန်နိုင်ငံခြားဌာနကပြောပေမဲ့ အသေးစိတ် ရှင်းလင်း ပြောဆိုတာတော့ မပါပါဘူး။
ပါကစ္စတန်က တာဝေးနဲ့ တာတိုပစ်ဒုံးကျည်တွေ ထုတ်လုပ်နေတဲ့အပေါ်နဲ့ နျူကလီးယားလက်နက် ပိုများလာနေတဲ့အပေါ် အမေရိကန်ရဲ့ အစဉ်တစိုက်စိုးရိမ်မှုကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ထပ်ပြောပါတယ်။
ဝါရှင်တန်အခြေစိုက် သုတေသနအဖွဲ့တခုဖြစ်တဲ့ Wilson Center ရဲ့ ဆွေးနွေးပွဲတခုမှာ ယာယီ ဒုလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Henry Ensher က အခုလိုပြောသွားပါတယ်။
“အတိအကျပြောရရင် လက်နက်တွေ အမြောက်အများ တိုးလာနေတာနဲ့ တဆက်တည်းဖြစ်လာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ပိုများလာနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ကျနော်တို့ပြောထားပါတယ်။ အထူးသဖြင့်တော့ နျူကလီးယား လက်နက်တွေဟာ အခိုးခံရမယ့်၊ လွဲမှားအသုံးချမယ့်အန္တရာယ် ပိုကြီးနေတာကြောင့် ဖြစ်ပါတယ်။”
နျူကလီးယားလက်နက်ရန် ကာကွယ်ရေးစွမ်းရည် ပိုကောင်းအောင် လုပ်ရတာဟာ အမေရိကန်နဲ့ အိန္ဒိယအကြား ကာကွယ်ရေးနဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးနီးကပ်လာတာကြောင့်ဖြစ်တယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ဆိုပါတယ်။
တာတိုပစ် နျူကလီးယားလက်နက်တွေဟာ အိန္ဒိယက ကြီးမားတဲ့စစ်အင်အားကိုသုံးပြီး ပါကစ္စတန်ကို သမားရိုးကျစစ်ပွဲတခု ရုတ် တရက် ဆင်နွှဲလာမယ့်ရန်ကနေ ကာကွယ်ဖို့ဖြစ်တယ်လို့ ပါစ္စတန်ကပြောပါတယ်။
အဲဒီလို ဟိုဖက်ဒီဖက် လက်နက်တွေ တပ်ဆပ်နေတာကနေ ပိုပြင်းထန်တဲ့ပဋိပက္ခ ဖြစ်လာမယ့်အန္တရာယ် ရှိနေတယ်လို့ ဒု လက်ထောက်ဝန်ကြီး Henry Ensher ကပြောပါတယ်။
“အိန္ဒိယနဲ့ပါကစ္စတန်အကြား သမားရိုးကျ ပဋိပက္ခတခုကနေ ဒီလက်နက်တွေကြောင့် နျူကလီးယားစစ်ပွဲအထိ အရှိန် မြင့်တက်သွားနိုင်တဲ့ အန္တရာယ်ကလည်း ရှိနေပါတယ်။”
ရုရှားရဲ့လက်နက်စနစ်ဟာ လေယာဉ်တွေ၊ ကောင်းကင်သွား အဝေးထိန်းယာဉ်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေ စုစုပေါင်း ပစ်မှတ် ၃၆ ခုကို အကွာအဝေး ကီလိုမီတာ ၄၀၀၊ အမြင့် ကီလိုမီတာ ၃၀ အတွင်း တပြိုင်နက်တည်း ပစ်ချဖျက်ဆီးနိုင် တယ်လို့ သတင်းတွေမှာ ပြောကြပါတယ်။
ပြီးခဲ့တဲ့လမှာပဲ တရုတ်က အဲဒီ ရုရှားလုပ် S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်တဲ့အတွက် အမေရိကန်က တရုတ်စစ်ဘက် ကို ဒဏ်ခတ်အရေးယူမှု ချမှတ်ထားပါတယ်။
ပါကစ္စတန်နဲ့ ရုရှားအကြား ကာကွယ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတွေအပါအဝင် ကဏ္ဍပေါင်းစုံမှာ ဆက်ဆံရေး သိသိသာသာ တိုးတက်နေချိန်မှာပဲ ရုရှားက အိန္ဒိယကို S-400 ဒုံးကျည်စနစ် ရောင်းတဲ့ကိစ္စဖြစ်လာတာပါ။ ပါကစ္စတန်နဲ့ရုရှားတို့ကြား နှစ်စဉ် လုပ်နေကြ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့်တနင်္ဂနွေနေ့မှာပဲ ပါကစ္စတန်မှာ လုပ်ဖို့ရှိပါတယ်
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရပြီးကတည်းကဆိုရင် စစ်ပွဲကြီးသုံးကြိမ် ဖြစ်ထားပါတယ်။ ဒါ့အပြင် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်စပ်မှာလည်း မကြာခနဆိုသလို စစ်ဘက်ခြင်း ပဋိပက္ခဖြစ်လေ့ရှိပါတယ်။ အဲဒီကက်ရှ်မီးယားပဋိပက္ခဟာ ပုံမှန်လိုဖြစ်လာနေတာကြောင့် နှစ်နို်င်ငံအကြား နောက်ထပ်စစ်ပွဲဖြစ်ပြီး နျူကလီးယားလက်နက်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြတဲ့ အခြေအနေထိရောက်မှာ ပိုပြီး စိုးရိမ်လာနေကြပါတယ်။