သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအနှံ့ ဆန္ဒပြဖို့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း တိုက်တွန်း


Supporters throw rose petals toward a vehicle carrying Pakistan's former Prime Minister Imran Khan to greet him upon his arrival at his home in Lahore, Pakistan, May 13, 2023.
Supporters throw rose petals toward a vehicle carrying Pakistan's former Prime Minister Imran Khan to greet him upon his arrival at his home in Lahore, Pakistan, May 13, 2023.

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း (Imran Khan) က နိုင်ငံတဝန်း “လွတ်မြောက်ရေး” ဆန္ဒပြပွဲတွေ ပြုလုပ်ကြဖို့ တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။ ဒါဟာ သူ ခေတ္တဖမ်းဆီးခံခဲ့ရလို့ မငြိမ်မသက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ ထပ်ပြီးနှိုးဆော်လိုက်တာပါ။

"လွတ်လပ်မှုဆိုတာ လွယ်လွယ်နဲ့ ရလာတာ မဟုတ်ဘူး။ လုယူမှရမယ်။ ဒီ့အတွက်လည်း အနစ်နာခံရမယ်" လို့ YouTube ကတဆင့် စနေနေ့ညက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ အီမရန်ခန်း ပြောခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ နိုင်ငံအနှံ့ လမ်းမတွေ၊ ကျေးရွာတွေအထိ သူ့ကို ထောက်ခံသူတွေအနေနဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ကြဖို့နဲ့ ချက်ခြင်းရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ မဲဆွယ်စည်းရုံးမှုတွေလည်း ပြန်လည်လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။

PTI ပါတီခေါင်းဆောင်လည်းဖြစ်တဲ့ အီမရန်ခန်းဟာ လအတန်ကြာကတည်းက ပါကစ္စတန်စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။

မနှစ်က သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ စစ်တပ်က အကြီးတန်းအရာရှိတွေ ပါဝင်ပတ်သက်နေတယ်လို့ အီမရန်ခန်းရဲ့ ပြောဆိုချက်တွေကို ပြန်လည်ချေပခံခဲ့ရပြီး နာရီပိုင်းအကြာ၊ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ သူဟာ ယာယီအဖမ်းခံခဲ့ရတာပါ။

အရင်က နာမည်ကြီး ခရစ်ကတ်ကစားသမားလည်းဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို မနှစ် ဧပြီလက ရာထူးကနေ ဖြုတ်ချခဲ့ပြီးနောက်မှာ ဒါဇင်နဲ့ ချီတဲ့ တရားစွဲဆိုခံရမှုတွေနဲ့ ရင်ဆိုင်နေရပြီး သောကြာနေ့က အာမခံနဲ့ လွတ်မြောက်ခဲ့ပါတယ်။ သူ့ကို “ဖမ်းဆီးခဲ့မှုက တရားမဝင်ဘူး”လို့ ပါကစ္စတန် ဗဟိုတရားရုံးချုပ်က ကြေညာခဲ့ပါတယ်။

အီမရန်ခန်း ဖမ်းဆီးခံရမှုအပေါ် သူ့ကို ထောက်ခံသူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပြီး အစိုးရ အဆောက်အအုံတွေကို မီးရှို့ခဲ့ကြ၊ လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။

ပါကစ္စတန်ရဲ့ အင်အားကြီးစစ်တပ်က နိုင်ငံရဲ့ ၇၅ နှစ်တာသမိုင်းရဲ့ တဝက်နီးပါးက နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး၊ လက်ရှိမှာလည်း နိုင်ငံရေးစနစ်အပေါ် သြဇာ လွှမ်းမိုးနေဆဲပါ။ ပါကစ္စတန် စစ်တပ်ဘက်ကတော့ စနေ့နေ့က အီမရန်ခန်းရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး စစ်တပ်အပေါ် "အထင်အမြင်လွဲမှား" အောင် ဖန်တီး ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်။

ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရိဖ် (Shehbaz Sharif) ကတော့ အကြမ်းဖက်မှု ကျူးလွန်မှုတွေကို ပါဝင်ပတ်သက်သူ အားလုံးကို ၇၂ နာရီအတွင်း ဖမ်းဆီးသင့်ကြောင်း စနေနေ့က သတိပေးခဲ့ပါတယ်တယ်။

“နိုင်ငံတော်ကို ဆန့်ကျင်သူမှန်သမျှကို အကြမ်းဖက်နှိမ်နင်းရေး တရားရုံးတွေမှာ ဖမ်းဆီးအရေးယူသွားမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ကြေညာခဲ့တာပါ။

အောက်တိုဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ရေပန်းစား လူထုထောက်ခံမှုများတဲ့ အီမရန်ခန်းဟာ ပြန်လည်အဖမ်းဆီးခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် အစ္စလာမာဘတ် မြို့တော် တရားရုံးချုပ်ကတော့ သူ့ကို တနင်္လာနေ့အထိ ဖမ်းဆီးခြင်း မပြုရဘူးလို့ အမိန့်ချထားပါတယ်။

XS
SM
MD
LG