သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် စက်ရုံမီးလောင်မှု လူ ၃၀၀ နီးပါးသေဆုံး


ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့စက်ရုံမီးလောင်မှုမြင်ကွင်း။
ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့စက်ရုံမီးလောင်မှုမြင်ကွင်း။
ပါကစ္စတန်နိုင်ငံမှာ စက်ရုံနှစ်ခု မီးလောင်တာကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးသွားခဲ့ပါတယ်။
အင်္ဂါနေ့မှာ ဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုနှစ်ခုထဲက တခုကတော့ နိုင်ငံတောင်ပိုင်းက ကရာချိ ဆိပ်ကမ်းမြို့ကြီးက အထည်စက်ရုံတခုမှာ မီးလောင်ပျက်စီးသွားတာဖြစ်ပြီး လူပေါင်း အနည်းဆုံး ၂၃၆ ဦး သေဆုံးသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ စောစောပိုင်းမှာတော့ သေဆုံးခဲ့တဲ့အလောင်းတွေကို မဲတူးခြစ်နေတဲ့ အဆောက်အဦးထဲ ကနေ အရာရှိတွေ အနေနဲ့ တနေ့လုံး ဆွဲထုတ်ခဲ့ပြီးတဲ့နောက် သေဆုံးသူ အရေအတွက် တိုးလာခဲ့ တာ ဖြစ်ပါတယ်။ သေဆုံးသူ အများအပြားကို စက်ရုံရဲ့ မြေအောက်ခန်းထဲမှာ တွေ့ခဲ့ကြရတာပါ။ ဒီစက်ရုံမှာ အရေးပေါ်ထွက်ပေါက်မရှိဘူးလို့ ရဲတွေကဆိုပါတယ်။

ဒဏ်ရာရထားတဲ့ အလုပ်သမားတွေကလည်း သူတို့အနေနဲ့ အပြင်ကိုထွက်ဖို့လမ်း ရှာမတွေ့ခဲ့ တာကြောင့် ပြူတင်းပေါက်တွေကနေ ခုန်ချခဲ့ရပြီး အရိုးတွေ ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဆောက်အဦးရဲ့ အစိတ်အပိုင်းတွေကတော့ မီးလောင်မှု စဖြစ်ပြီးနောက် နာရီပေါင်းများစွာကြာတဲ့ အထိ တငွေ့ငွေ့ လောင်ကျွမ်းနေခဲ့ပါတယ်။

မီးလောင်ရခြင်း အကြောင်းရင်းကို အခုထိမသိရသေးပါဘူး။ ရဲတွေကတော့ ဒီစက်ရုံပိုင်ရှင်ကို လိုက်ရှာနေကြပါတယ်။ ကရာချိမြို့ဟာ ပါကစ္စတန်နိုင်ငံမှာ လူနေထူထပ်ပြီး စီးပွားရေး အချက်အခြာကျတဲ့ မြို့ကြီးဖြစ်ပါတယ်။

အင်္ဂါနေ့မှာပဲ နောက်မီးလောင်မှုတခု ဖြစ်ခဲ့တာကတော့ နိုင်ငံအရှေ့ပိုင်း Lahore မြို့က ဘိနပ်စက်ရုံ မှာ ဖြစ်ပြီး လူပေါင်း အနည်းဆုံး ၂၅ ဦး စက်ရုံထဲမှာ ပိတ်မိပြီး နောက် ထပ် သေဆုံးခဲ့ပါ တယ်။ ဒေသခံအရာရှိတွေကတော့ ဒီမီးလောင်မှု ဖြစ်ရတာက မီးအားထိန်းချုပ်တဲ့စက် ချွတ်ယွင်းသွားလို့ ဖြစ်ကြောင်းဆိုပါတယ်။

ဒီမီးကို နာရီပေါင်းများစွာကြာအောင် မီးသတ်သမားတွေက ငြိမ်းခဲ့ရတာဖြစ်ပြီး ကယ်ဆယ်ရေး သမားတွေလည်း မီးလောင်တဲ့ အဆောက်အဦးထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။
XS
SM
MD
LG