ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၃ ရက်အတွင်း မုတ်သုန်မိုးတွေ ရွာသွန်းပြီး ရေကြီးခဲ့မှုကြောင့် သေဆုံးသူပေါင်း ၃၀၀ ကျော်သွားပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။ သေဆုံးသူအများစုဟာ နိုင်ငံ အနောက်မြောက်ဖက် Khyber-Pakhtunkhwa ပြည်နယ်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။
အဲဒီဒေသမှာ ဒေသခံအစိုးရ တာဝန်ရှိသူတွေက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။ ပြည်နယ်ထဲက ပက်ရှာဝါ၊ Swat တောင်ကြားနဲ့ ချာဆဒါ ဒေသတွေအပါအဝင် နေရာ အတော်များများမှာ ရာပေါင်းများစွာသော အိမ်တွေ၊ တံတားတွေ၊ လမ်းတွေ ရေကြီးမှုကြောင့် ပျက်စီး ကုန်ပါတယ်။ အရှေ့မြောက်ဖက်ဒေသမှာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် လူပေါင်း ၄ သိန်းထက်မနည်း သောင်တင်နေကြပါတယ်။
ရေကြီးတဲ့အခြေအနေ ပိုပြီးဆိုးလာနိုင်တာမို့ နောက်ထပ် စစ်သားတွေကိုလဲ အဆင့်ရှိနေဖို့ တပ်လှန့်ထားတယ်လို့ ပါကစ္စတန် စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ စစ်သားတွေဟာ ဖောင်တွေ၊ မော်တော်ဘုတ်တွေကို သုံးပြီး သောင်တင်နေကြတဲ့ သူတွေကို လိုက်လံ ကယ်ဆယ်ပေးနေတယ်လို့ ပါကစ္စတန် စစ်တပ်ကပြောပါတယ်။ မိုးသည်းနေတဲ့အတွက် အကူအညီလိုနေတဲ့ ဒေသတွေဆီ ရဟတ်ယာဉ်တွေနဲ့ သွားဖို့ အခက်အခဲ ရှိနေတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။ ပါကစ္စတန်အစိုးရ အုပ်ချုပ်တဲ့ Kashmir ဒေသမှာ သေဆုံးသူ အနည်းဆုံး ၂၂ ယောက် ရှိတယ်လို့ တာဝန်ရှိသူတွေက မနေ့က ပြောပါတယ်။