သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေကြီးမှုဒဏ် လူ ၁၅,၀၀၀,၀၀၀ ခံရ


ပါကစ္စတန်နိုင်ငံ ရေလွှမ်းမိုးမှုကြောင့် သေကျေ ဆုံးရှုံးမှုမှာ ၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာအတွင်း ဆူနာမီ အပျက်အစီး၊ ၂၀၀၅ ခုနှစ် ပါကစ္စတန်၊ ကက်ရှ်မီးယား မြေငလျင် အပျက်အစီးနဲ့ ဒီနှစ် ဧပြီမှာဖြစ်တဲ့ မြေငလျင်ဒဏ် အပျက်အစီးတွေ အားလုံးပေါင်းထက် လူတွေ ပိုပြီး ဒုက္ခရောက်ကြရတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အရင်က တွေ့ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတွေမှာ အခု လူပေါင်း ၁,၆၀၀ သေဆုံးတဲ့ ပါကစ္စတန် ရေလွှမ်းမိုးမှုထက် သေဆုံးမှု အရေအတွက် များပါတယ်။ ဒါပေမဲ့ ပါကစ္စတန် ရေလွှမ်းမိုးမှုမှာ လူပေါင်း ၁၅,၀၀၀,၀၀၀ လောက် ဒုက္ခရောက်ရတဲ့အတွက် ယခင်က ဖြစ်ရပ်ဆိုးကြီးတွေ အားလုံးထက် လူ ၂,၀၀၀,၀၀၀ ကျော် ပိုများနေပါတယ်။

ပါကစ္စတန် ဒုက္ခသည်တွေအတွက် ဒေါ်လာ သန်းပေါင်းများစွာ လိုအပ်မှာမို့ မကြာခင် အကူအညီတွေ ပေးကြဖို့ တောင်းရမှာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အခု အချိန်ယူရလိမ့်မယ်လို့လည်း ပြောကြားပါတယ်။

ရေလွှမ်းဒေသ ပန်ဂျပ်ကို ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) သွားရောက်ခဲ့ပြီး သမိုင်းမှာ အဆိုးဝါးဆုံး ပျက်စီး ဆုံးရှုံးမှု ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber-Pakhtunkhwa) ပြည်နယ်ဟာ အဆိုးဝါးဆုံးခံရတဲ့ နေရာ ဖြစ်ပါတယ်။ ဆွာ့တ်တောင်ကြားထဲမှာ လူပေါင်း ၆၀၀,၀၀၀ ကျော် ပိတ်မိနေပါတယ်။ အဲဒီနယ်မှာ လမ်းတွေနဲ့ တံတားတွေ ရေမျော ပျက်စီးသွားပြီ ဖြစ်ပါတယ်။ မုတ်သုန်မိုးက ပြင်းပြင်းထန်ထန် ရွာနေဆဲ ဖြစ်ပါတယ်။

ပန်ဂျပ်နဲ့ တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွေမှာ လူ ထောင်ပေါင်းများစွာဟာ ရေလွတ်ရာကို အလုအယက် ပြေးလွှားနေကြရပါတယ်။ ကူမယ့် ကယ်မယ့်လူမရှိ၊ စားစရာ ဘာမှမရှိ ဖြစ်နေကြပြီလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မသန့်ရှင်းတဲ့ ရေတွေကြောင့် ဝမ်းရောဂါဖြစ်ပွားမှု အန္တရာယ် ကြီးလာမှာ ဖြစ်တဲ့အကြောင်း သတိပေးနေပါတယ်။

XS
SM
MD
LG