သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေဘေးသင့်ဒေသ သမ္မတ ဇာဒါရီ သွားရောက်အားပေး

ပါကစ္စတန်နိုင်ငံမှာ သဘာ၀ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံခြားခရီး ထွက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရပြီးနောက် သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) ဟာ ရေဘေးသင့် ဒေသတွေကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပတ်ခ်တွန်ခွာ (Khyber-Pakhtunkhwa)၊ ပန်ဂျပ် (Punjab) နဲ့ ဆင်းဒ် (Sindh) ပြည်နယ်တွေမှာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း မုတ်သုန်မိုး သည်းထန်စွာရွာပြီး ရေလွှမ်းခဲ့ရာက လူ ၁,၆၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ၁၄ သန်းကျော် ရေဘေးဒုက္ခသည်တွေ ဖြစ်ခဲ့ရပါတယ်။

အဲဒီ ရေဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အပါအဝင် ချက်ချင်း အကူအညီပေးနိုင်ဖို့ ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ဒေါ်လာသန်း ၄၆၀ လိုအပ်တယ်လို့ မေတ္တာရပ်ခံထားပါတယ်။

မစ္စတာ ဇာဒါရီဟာ တောင်ပိုင်း ဆင်းဒ်ပြည်နယ်က ဆူကာ (Sukkur) မြို့ကို ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး အစိုးရက ရေဘေး ဒုက္ခသည်တွေအတွက် ကူညီရေး အစွမ်းကုန် ကြိုးစားပေးနေပါကြောင်း အားပေးစကား ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာဘဲ ပန်ဂျပ်နဲ့ ဆင်းဒ်ပြည်နယ်တွေမှာ ရေထပ်ကြီးမယ့် သတိပေးချက် ထုတ်ပြန်ထားပြီး ပန်ဂျပ်ပြည်နယ် မူဇာဖာဂါ (Muzzaffargarh) မြို့က လူ ၄၀၀,၀၀၀ ထက်မနည်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilanai) ကတော့ အနောက်တောင်ပိုင်းက ရေဘေးသင့် ဘလူချီစတန် (Baluchistan) ဒေသကို မနေ့က သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG