သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေဘေးဒုက္ခသည်များ အကူအညီ မရနိုင် ဖြစ်နေ

လူပေါင်း ၁,၂၀၀ အထိ သေဆုံးခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံက ရေလွှမ်းမိုးမှုကြောင့် နိုင်ငံရဲ့ အနောက်မြောက်ဘက် ဒေသမှာ ပိတ်မိနေကြသူ ထောင်ပေါင်းများစွာဆီကို ရောက်ရှိနိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ကြိုးပမ်းနေကြပါတယ်။

ပါကစ္စတန် အနောက်မြောက်ဘက်နဲ့ ခိုင်ဘာ ပတ်ခ်တွန်ခွာ ပြည်နယ်မှာ မုတ်သုန်မိုး ရွာသွန်းမှုတွေ အကြီးအကျယ် ကြုံခဲ့ရာက လူပေါင်း ၂,၀၀၀,၀၀၀ ကျော် အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။

ဒီဒေသရဲ့ နေရာ အတော်များများဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ ဒဏ်ကို အဆိုးရွားဆုံး ခံထားရတာလည်း ဖြစ်ပါတယ်။

လမ်းတွေ၊ တံတားတွေ ရေထဲမျောပါကုန်ပြီး ရေကြီးတဲ့ဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒီဒေသကို ကယ်ဆယ်ရေး လုပ်သားတွေ သွားရောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

ရေဘေးဒုက္ခသည် အများအပြားဟာ သန့်ရှင်းတဲ့ သောက်သုံးရေတွေ မရနိုင်တာမို့ ရေကတဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါတွေ နောက်ဆက်တွဲ ကူးစက်ပြန့်ပွားမှာကို စိုးရိမ်ရကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန် စစ်တပ်ကတော့ တပ်ဖွဲ့ဝင် ၃၀,၀၀၀ ချထားပြီး လူပေါင်း ၂၀,၀၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တာပါ။ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့ကတော့ အရေးပေါ် အကူအညီအဖြစ် ပါကစ္စတန်ကို ဒေါ်လာ ၁၀,၀၀၀,၀၀၀ သန်း အကူအညီပေးသွားဖို့ ကတိပြုထားပါတယ်။

This item is part of
XS
SM
MD
LG