သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေဘေး အထောက်အကူ ဒေါ်လာသန်း ၂၀၀ ကျော် ရရှိ


ပါကစ္စတန်နိုင်ငံက ရေဘေးဒဏ်သင့် ဒေသတွေမှာ အရေးပေါ် အကူအညီတွေ ထောက်ပံ့ပေးဖို့အတွက် ပြီးခဲ့တဲ့ အပတ်အတွင်း တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၄၆၀ ရဲ့ တ၀က်ကို လက်ခံရရှိခဲ့ပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

နိုင်ငံတကာ မိသားစုထံကနေ ဒေါ်လာ ၂၂၈ သန်းနီးပါး အလှူငွေတွေ လက်ခံရရှိထားပြီး ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပြီးတော့ အကူအညီတွေကို အမြန်ဆုံးနည်းနဲ့ ထပ်ပြီး ထည့်ဝင်ကြဖို့ကိုလည်း ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ဥရောပသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ ကူညီထောက်ပံ့ငွေကို စုစုပေါင်း ဒေါ်လာ သန်း ၉၀ အထိ ၂ ဆနီးပါး ထပ်တိုးပြီး ကူညီခဲ့ပါတယ်။

နယူးယောက်မြို့မှာ ဒီကနေ့ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထူး အစည်းအဝေးမှာ အမေရိကန် ပြည်ထောင်စုကလည်း ပါကစ္စတန်အတွက် ရေဘေးအကူအညီ ထပ်တိုးပေးမယ့် အကြောင်းကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ကြေညာသွားဖို့ရှိတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ သန်း ၉၀ အပြင် အမေရိကန် စစ်တပ်ကနေ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းတွေအတွက် ကူညီထောက်ပံ့မှု ဒေါ်လာ သန်းပေါင်းများစွာကို အမေရိကန် ပြည်ထောင်စုက ပေးလှူထားပြီး ဖြစ်ပါတယ်။

ပါကစ္စတန်မှာ မုတ်သုန်မိုးတွေ အပြင်းအထန် ရွာသွန်းပြီး ရေကြီးလို့ ခိုင်ဘာ ပတ်ခ်တွန်ခွာ (Khyber-Paktunkhwa)၊ ပန်ဂျပ် (Punjab) နဲ့ ဆင်းဒ် (Sindh) ပြည်နယ်တွေမှာ ခန့်မှန်းချေ လူပေါင်း ၁,၆၀၀ သေဆုံးခဲ့ရပြီး လူပေါင်း သန်း ၂၀ လောက် ဒုက္ခရောက်ခဲ့ကြရပါတယ်။ လောလောဆယ် လူပေါင်း ၆၅၀,၀၀၀ ကျော်ဟာ အမိုးအကာမရှိဘဲ နေနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

XS
SM
MD
LG