သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ပါကစ္စတန် ရေဘေးအတွက် ဒေါ်လာ ၄၅၁ သန်း အတည်ပြု


နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပါကစ္စတန်နိုင်ငံ ရေကြီးမှုအတွက် အမေရိကန်ဒေါ်လာ ၄၅၁ သန်း အရေးပေါ် အကူအညီပေးဖို့ အတည်ပြုလိုက်ပါတယ်။

ပါကစ္စတန်မှာ ကြီးမားတဲ့ ရေကြီးမှုကြောင့် လူ သန်းပေါင်း ၂၀ အတိဒုက္ခ ရောက်နေကြပါတယ်။ IMF ရဲ့ ကြေညာချက်ထဲမှာ ဒီကပ်ဆိုးကြီးကြောင့် အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍမှာ အကြီးအကျယ် ထိခိုက်သွားရပြီး နိုင်ငံရဲ့ စီးပွားရေး အလားအလာဟာ လုံး၀ ပျက်သုဉ်းနေပြီလို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံ အနေနဲ့ ဘယ်နိုင်ငံထက်မဆို ပါကစ္စတန်အတွက် ပိုပြီး ငွေကြေး လှူဒါန်းခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ရစ်ချတ် ဟိုးလ်ဘရွတ်ခ် (Richard Holbrooke) က ပြောခဲ့ပါတယ်။

အမေရိကန်က ဒေါ်လာ သန်း ၂၆၀ ကျော်နဲ့အတူ စစ်ရဟတ်ယာဉ်တွေ ကူညီပေးခဲ့ပါတယ်။ မစ္စတာ ဟိုးလ်ဘရွတ်ခ်က ဒီရေဘေးဒုက္ခသည် စခန်းတွေကို သူကိုယ်တိုင် သွားခဲ့ပြီး ရေဘေးဒဏ် ခံခဲ့ရသူတွေနဲ့ တွေ့ကာ ဒီကပ်ဆိုးကြီးက သူတို့ရဲ့ဘဝနဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လို ဖျက်ဆီးခဲ့တယ် ဆိုတာကို သူကိုယ်တိုင် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

သောက်သုံးရေ သန့်ရှင်းမှု မရှိတာကြောင့် အချိန်ကိုက်ဗုံးလို ကူးစက်ရောဂါတွေ ပေါက်ကွဲထွက်လာမှာကို စိုးရိမ်ရတယ်လို့ အရာရှိတဦးက ဟိုးလ်ဘရွတ်ခ်ကို ပြောခဲ့ပါတယ်။

ဇူလိုင်လ နိုင်ငံမြောက်ပိုင်းမှာ မုတ်သုန်မိုး ကြီးခဲ့ပြီး ဒီရေကြီးခဲ့မှုကြောင့် ရွာလုံးကျွတ် ရေထဲ မျောပါသွားခဲ့ပြီး လူပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ကြရပါတယ်။

XS
SM
MD
LG