သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေဘေး အကူအညီ ပိုထည့်ဝင်ကြဖို့ နိုင်ငံတွေ ကတိပေး

ပါကစ္စတန်နိုင်ငံမှာ အပျက်အစီး များလှတဲ့ ရေလွှမ်းမိုးမှုအကြောင်း အထူး အစည်းအဝေးတရပ်ကို နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ကျင်းပနေပြီး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ကတိပေးထားတဲ့ အကူအညီတွေကို ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မေတ္တာရပ်ခံလိုက်ပါတယ်။

ရေလွှမ်းမိုးမှုဟာ တကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်၊ တကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု ဖြစ်တယ်လို့ မကြာမီက အပျက်အစီးတွေကို သွားရောက် ကြည့်ရှုခဲ့တဲ့ မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က သုံးနှုန်း ပြောဆိုသွားပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ‘ဆူနာမီ အနှေးစား’ ကို ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှား မာမွတ်ဒ် ကွာရီရှီ (Shah Mehmood Qureshi) က အရေးပေါ် လိုအပ်ချက်ကို ပဲ့တင်ပြောလိုက်ပြီး အရင်က မဖြစ်ခဲ့ဘူးတဲ့ အတိုင်းအဆမျိုးနဲ့ ဖြစ်တဲ့ သဘာဝကပ်ဘေးကို ပါကစ္စတန်က ရင်ဆိုင်နေကြရပါတယ်လို့ အစည်းအဝေးမှာ ပြောပါတယ်။

ဒီ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁,၅၀၀ သေဆုံးပြီး လူ သန်း ၂၀ ဒုက္ခရောက်နေကြရတဲ့အပြင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၃,၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

အစွန်းရောက်တွေနဲ့ အကြမ်းဖက်တွေကို အစိုးရက စစ်ဆင်နွှဲနေတဲ့ အချိန်မှာ ရေလွှမ်းမိုးမှု ကြုံလိုက်ရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီ ဘေးအန္တရာယ်ကို အစွန်းရောက် ဝါဒီတွေနဲ့ အကြမ်းဖက်သမားတွေက အခွင့်ကောင်း ယူသွားကြမှာကို ခွင့်မပြုနိုင်ဘူးလို့လည်း သူက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံက တိုင်းပြည်ကို ပြန်လည် ထူထောင်ရာမှာ အမေရိကန်က ပစ်ထားမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောကြားပြီး ကူမယ့်ငွေကိုလည်း ဒေါ်လာ သန်း ၉၀ ကနေ ၁၅၀ အထိ တိုးမြှင့်ကြောင်း ကြေညာပါတယ်။

This item is part of
XS
SM
MD
LG