သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေကြီးမှု အခြေအနေ စိုးရိမ်ရဆဲ


ပါကစ္စတန်အနောက်မြောက်ပိုင်းဒေသမှာ ရေလွှမ်းမိုးခဲ့တဲ့အတွက် လူ ၁၂ သန်း ဒုက္ခ ရောက်ခဲ့ကြပြီး အခု တောင်ပိုင်း ကို ဆက်လက် ရေလွှမ်း သွားတာကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်ပစ်ထွက်ပြေးနေကြရတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေ က ပြောကြပါတယ်။

အနောက်မြောက်ပိုင်း ဒေသ Khyber-Pakhtunkhwa နဲ့ ပန်ဂျပ်အလယ်ပိုင်း ဒေသ မှာ အိုးအိမ်ပေါင်း ၆ သိန်းခွဲ ပျက်စီးသွားခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆိုင်ရာ အမျိုးသား အာဏာပိုင်အဖွဲ့ ဥက္ကဌ Nadim Ahmed က သောကြာနေ့ က ပြောပါတယ်။

တောင်ပိုင်းပြည်နယ် ဆင်းပြည်နယ်ထဲကို ရေစီးဝင်နေပြီဖြစ်ပါတယ်။ အဲဒီ ပြည်နယ်မှာ လူ ၅ သိန်း ကျော်ကို အာဏာပိုင်တွေက နေရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ မိုးဆက်သည်းထန်နေတာကြောင့် ခရိုင် ၁၁ ခရိုင်အနေနဲ့ ရေလွှမ်းခံရဖို့ အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

၂ ပတ်နီးနီး ကြာခဲ့ပြီဖြစ်တဲ့ ဘေးအန္တရာယ်ကြောင့် လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ကြရပါတယ်။ အိမ်တွေ၊ လမ်းတွေ၊ တံတားတွေ ကို ရေ တိုက်စားသွားခဲ့ပြီး အဆက်အသွယ်တွေ ပြတ်တောက်သွားခဲ့ရပါတယ်။

အစိုးရက အရေးယူဆောင်ရွက်တာ နှေးတယ်လို့ ပါကစ္စတန်ပြည်သူ တော်တော်များများ ကဝေဖန်ကြသလို၊ ရေလွှမ်းမိုးနေတဲ့ အချိန်အတွင်း သမ္မတ Asif Ali Zardari ဥရောပကို ခရီးထွက်သွားတဲ့အတွက်လည်း ဝေဖန်နေကြပါတယ်။

သမိုင်းမှာ ရေလွှမ်းမိုးမှု အဆိုးဆုံးကို ရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာက အကူအညီပေးကြဖို့ ၀န်ကြီးချုပ် Yusuf Raza Gilani က တစ်နိုင်ငံလုံးကို သောကြာနေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ မေတ္တာရပ်ခံသွားပါတယ်။

XS
SM
MD
LG