ပါကစ္စတန် တောင်ပိုင်းမှာ နောက်ထပ်ဖြစ်ပွားတဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ဗုဒ္ဓဟူးနေ့ကစပြီးတော့ လူပေါင်း ၁ သန်းလောက် ရွှေ့ပြောင်းပြေးကြရတယ်လို့ ကြေညာပါတယ်။
အင်ဒုစ် (Indus) မြစ်ကမ်းတွေ ရေလျှံကျိုးပေါက်ကုန်တဲ့အတွက် ဆင်းပြည်နယ်က ပြည်သူတွေ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးကြရတာ ဖြစ်ပါတယ်။ အင်ဒုစ်မြစ် ကျိုးပေါက်ပြီးတော့ ရေလောင်ကန်ကြီးတခုလည်း ကျိုးပေါက်တော့မှာမို့ သမိုင်းဝင် Thatta မြို့က မြို့သားတွေ ထောင်ပေါင်းများစွာ တိန်းရှောင်ကြဖို့ ပါကစ္စတန် အာဏာပိုင်တွေက အမိန့်ထုတ်ပေမဲ့ မြို့သူမြို့သားတချို့က မြို့ကို မထွက်ခွာဘဲ နေနေကြပါတယ်။
ရေလွှမ်းမိုးမှုတွေဟာ တလလောက် ရှိပါပြီ။ မြောက်ပိုင်း တောင်ထူထပ်တဲ့ဒေသတွေမှာ စတင်ခဲ့ပြီးတော့ လယ်ယာစိုက်ပျိုးမှု ထူပြောတဲ့ ပါကစ္စတန် တောင်ပိုင်းကိုပါ ထိခိုက်လာပြီ ဖြစ်ပါတယ်။
လူပေါင်း ၁,၆၀၀ ကျော် သေဆုံးပြီး လူပေါင်း သန်း ၂၀ လောက် ဒုက္ခရောက်နေကြပါတယ်။ ရေတွေ ပြန်လည် ကျသွားတဲ့အခါ ပျောက်ဆုံးသူတွေကို ပြန်တွေ့ကြရမှာမို့ သေဆုံးသူ စာရင်းဟာ တိုးများလာဦးမှာ ဖြစ်တယ်လို့ ပါကစ္စတန် အမျိုးသား ဘေးဒုက္ခ ကယ်ဆယ်ရေး အာဏာပိုင်များက သောကြာနေ့က သတိပေး ပြောကြားလိုက်ပါတယ်။