သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန်နိုင်ငံကနေ အကြမ်းဖက်မှုတွေတင်ပို့နေတယ်လို့ အပြစ်တင်ပြောဆိုရင်း အာရှတိုက်ရဲ့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်နေတဲ့အတွက် နိုင်ငံတကာအသိုင်းဝိုင်းက ပါကစ္စတန်နိုင်ငံကို အထီးကျန် ဖြစ်အောင်ပစ်ပယ်ထားကြဖို့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi က တိုက်တွန်းပြောဆိုသွားပါတယ်။

ဒါဟာ အိန္ဒိယစစ်အခြေစိုက်စခန်းတခုကို အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ချိန်ကစလို့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ပြဿနာကို အိန္ဒိယ၀န်ကြီးချုပ်က ပထမဆုံး လူသိရှင်ကြား မှတ်ချက်ပေးပြောဆိုခဲ့ တာဖြစ်ပါတယ်။

အိန္ဒိယ ပါကစ္စတန်နှစ်နိုင်ငံစလုံး တချိန်ထဲလွတ်လပ်ရေးရခဲ့ ကြပြီးတဲ့နောက် အိန္ဒိယနိုင်ငံက ကမ္ဘာကို ကွန်ပျုတာ software တွေ တင်ပို့နေချိန်မှာ ပါကစ္စတန်ကတော့ အကြမ်းဖက်မှုတွေကိုဖြန့်ဖြူးနေခဲ့တယ်လို့် အိန္ဒိယ ၀န်ကြီးချုပ်ကပြောဆိုသွားပါတယ်။ မနေ့စနေနေ့က အိန္ဒိယနိုင်ငံတောင်ပိုင်း Kozhikode မြို့မှာ သူ့ရဲ့ BJP ပါတီ လူထု စည်းဝေးပွဲအတွင်း ခုလိုပြောဆိုခဲ့တာပါ၊

၂၁ရာစုနှစ်ကို အာရှတိုက်ရဲ့ အောင်မြင်တဲ့ ရာစုနှစ်တခုဖြစ်ဖို့ အာရှနိုင်ငံအားလုံးက ကြိုးပမ်းနေချိန်မှာ ဒီကြိုးစားမှု မအောင်မြင်နိုင်အောင် နိုင်ငံတခုက လုပ်နေတယ်လို့လဲ သူက ပြောဆိုသွားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အရင်းခံတဲ့ အကြမ်းဖက်မှုတွေက တဆင့်အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေကို ပြန့်ပွားသွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကို ဒေသတခုလုံးခံစားနေရတယ်လို့ ၀န်ကြီးချုပ် Narendra Modi က ပြောဆိုခဲ့ပါတယ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါကစ္စတန်ကို အထီးကျန် ဖြစ်အောင်လုပ်ဖို့ သံတမန်ရေးအရ တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ လည်း သူက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG