သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ခိုင်းဒါးနဲ့ ပါကစ္စတန်စစ်တပ် ဆက်စပ်မှု ဖော်ထုတ်သူ အသတ်ခံရ


အယ်လ်ခိုင်းဒါးနဲ့ ပါကစ္စတန်စစ်တပ် ဆက်စပ်မှု ဖော်ထုတ်သူ အသတ်ခံရ

ပါကစ္စတန်နိုင်ငံအတွင်း အဘော့တာဘတ် (Abbottabad) မြို့မှာ ရှိနေတဲ့ အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) အိမ်ကို အမေရိကန် အထူးတပ်ဖွဲ့တွေ ၀င်ရောက်စီးနင်း သုတ်သင်ခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးရေးအတွက် သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့ ပါကစ္စတန် ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yusuf Raza Gilani) က ညွှန်ကြားလိုက်ပါတယ်။

အဖွဲ့ဝင် ၅ ဦးပါမယ့် အဲဒီအဖွဲ့ကို ပါကစ္စတန် တရားသူကြီးချုပ် ဂျာဗက်ဒ် အစ်ခ်ဘဲလ် (Javed Iqbal) က ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံးက ပြောပါတယ်။ အစောပိုင်းတုန်းကတော့ စစ်တပ်ကော်မရှင်က စုံစမ်းစစ်ဆေးဖို့ ၀န်ကြီးချုပ်က ညွှန်ကြားခဲ့တာ ဖြစ်ပေမဲ့ အဲဒီအဖွဲ့ကို အများက ၀ိုင်းဝန်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအတောအတွင်း ပါကစ္စတန်စစ်တပ်နဲ့ အယ်လ်ခိုင်းဒါး အဖွဲ့တို့ ဆက်နွယ်မှု ရှိတဲ့အကြောင်း ရေးသားခဲ့တဲ့ ပါကစ္စတန် သတင်းထောက်ဟာ ၂ ရက်လောက် ပျောက်ဆုံးနေရာကနေ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီသတင်းထောက် ဆာယက် ဆလင်း ရှာဇတ် (Syed Saleem Shahzad) ဟာ ဟောင်ကောင်အခြေစိုက် Asia Times Online သတင်းစာနဲ့ အီတလီ သတင်းစာ Adnkronos International တို့ကို သတင်းပို့နေသူ ဖြစ်ပါတယ်။ သူ့ရဲ့အလောင်းကို မြို့တော် အစ္စလာမ်မာဘတ်နဲ့ ၁၂၅ မိုင်လောက်ဝေးတဲ့ ပန်ဂျပ်ပြည်နယ်ထဲက မန်ဒီ ဘာဟူဒင် (Mandi Bahauddin) ခရိုင်အတွင်းမှာ အင်္ဂါနေ့က တွေ့ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ ကလေး ၃ ယောက်ဖခင် ဆာယက် ရှာဇတ်ဟာ တနင်္ဂနွေနေ့က တယ်လီဗီးရှင်း အင်တာဗျူးလုပ်ဖို့ အိမ်က ထွက်သွားပြီးနောက် ပျောက်သွားခဲ့တာပါ။ ကရာချိမှာရှိတဲ့ ပါကစ္စတန် ရေတပ်စခန်းကို အယ်လ်ခိုင်းဒါးအဖွဲ့က မေလ ၂၂ ရက်နေ့မှာ ၀င်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း ပါကစ္စတန် ရေတပ်နဲ့ အယ်လ်ခိုင်းဒါး ဆက်နွယ်မှု ရှိတဲ့အကြောင်း ဆာယက် ဆလင်း ရှာဇတ်က ဆောင်းပါးတစောင် ရေးသားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG