ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စာသင်ကျောင်းတကျောင်း တိုက်ခိုက်ခံရမှုနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက လူတော်တော်များများကို ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ပါကစ္စတန် အနောက်မြောက်ဖက်က Peshawar မြို့မှာ စစ်တပ်က ဖွင့်ထားတဲ့ ကျောင်းတကျောင်းကို နာရီအတော်ကြာ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်အတွက် ကူညီသူတွေဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Nisar Ali Khan ကပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖမ်းဆီးထားသူအရေအတွက်နဲ့ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကိုတော့ သူက ပြောဆိုမသွားပါဘူး။
ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့မှာ တုန်းကတော့ ဖောက်ခွဲရေး ပစ္စည်းတွေ ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ တာလီဘန်စစ်သွေးကြွတွေက စာသင်ကျောင်းကို ဝင်စီးပြီး မြင်မြင်သမျှ ကလေးတွေနဲ့ဝန်ထမ်းတွေကို ပစ်ခတ်ခဲ့ကြတာပါ။ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးကတော့ စာသင်ကျောင်းတိုက်ခိုက်ခဲ့မှုလို အလားတူ ထပ်လုပ်ဖို့ အကြမ်းဖက်သမားတွေ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ရရှိထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ သတင်းအချက်အလက် အသေးစိတ်ကို ပြောဆိုတာမျိုး မရှိပေမဲ့ တနိုင်ငံလုံး သတိထားကြဖို့လည်း တိုက်တွန်းခဲ့တာပါ။
တည်းခိုခန်းပိုင်ရှင်တွေအနေနဲ့ လာတဲ့ဧည့်သည်တွေရဲ့ အထောက်အထား အချက်အလက်တွေကို သေချာ စစ်ဆေးကြဖို့နဲ့ အကြမ်းဖက်သမားတွေကို အခန်းငှားမိရင်တော့ ကိုယ့်တာဝန်သာ ဖြစ်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။ ပါကစ္စတန် နိုင်ငံသားတွေအနေနဲ့ ကိုယ်ရထားတဲ့ သတင်းတွေကို လုံခြုံရေး အာဏာပိုင်တွေထံ အကြောင်းကြားကြဖို့လည်း ပြည်ထဲရေးဝန်ကြီးက တိုက်တွန်းခဲ့တာပါ။
ပါကစ္စတန် စစ်တပ်အနေနဲ့ အကြမ်းဖက်သမားတွေရှိရာ မြို့တွေမှာ အင်အားအပြည့်နဲ့ တိုက်ခိုက်နိုင်ပေမဲ့လည်း အရပ်သားတွေ ထိခိုက်သေကျေမှာမျိုး မဖြစ်စေချင်ဘူးလို့လည်း ပြောပါတယ်။ စစ်တပ်အနေနဲ့ အမျိုးသမီးတွေ၊ ကလေးတွေကိုလည်း ပစ်မှတ်ထားမှာမဟုတ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ပါကစ္စတန် ပက်ရှ်ဝါမြို့မှာ စစ်တပ်က ဖွင့်လှစ်ထားတဲ့ကျောင်းတကျောင်းကို စစ်သွေးကြွတွေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ခိုက်ခဲ့ရာမှာတော့ ကလေးငယ် အများစု အပါအဝင် လူပေါင်း ၁၅၀ လောက် သေဆုံးခဲ့ပါတယ်။
ပါကစ္စတန် တာလီဘန်အဖွဲ့ကတော့ စစ်သွေးကြွတွေအပေါ် စစ်တပ်က ထိုးစစ်ဆင်နေတာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြောဆိုခဲ့တာပါ။ စာသင်ကျောင်း တိုက်ခိုက်မှု အပြီးမှာပဲ အစိုးရကတော့ သေဒဏ်စီရင်ခွင့် တားမြစ်ချက်ကို ၆ နှစ်တာ ဆိုင်းငံ့ထားတဲ့ အမိန့်ကို ပယ်ဖျက်လိုက်ပြီး မနေ့ကဆိုရင်လည်း အစ္စလာမ်စစ်သွေးကြွ နောက်ထပ် ၄ ယောက်ကို သေဒဏ်အပြစ်ပေးခဲ့ပါတယ်။