သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာလာလာ နေ့ ကုလသမဂ္ဂ သတ်မှတ်


မာလာလာ ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းနေတဲ့ ပါကစ္စတန်နိုင်ငံ Peshawar မြို့က အမျိုးသမီးတဦး။ (နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
မာလာလာ ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းနေတဲ့ ပါကစ္စတန်နိုင်ငံ Peshawar မြို့က အမျိုးသမီးတဦး။ (နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
ပြီးခဲ့တဲ့ တလလောက်က တာလီဘန်တွေရဲ့ ပစ်ခတ်တာ ခံရပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တဲ့ ၁၅ နှစ်အရွယ် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆပ်ဇိုင် (Malala Yusafzai) ကို ပါကစ္စတန် ကျောင်းသားတွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက စနေနေ့က ဂုဏ်ပြုခဲ့ကြပါတယ်။ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေး ရှေ့ထွက်ပြောဆိုခဲ့တဲ့ မာလာလာ ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၀ ရက်၊ စနေနေ့ကို မာလာလာ နေ့ အဖြစ် ကုလသမဂ္ဂကလည်း သတ်မှတ်လိုက်ပါတယ်။ အပြည့်စုံ သိရအောင် မခင်ဖြူထွေးက တင်ပြထားပါတယ်။

တာလီဘန်အဖွဲ့တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မှတ်တမ်းယူခဲ့တဲ့အတွက်ရော၊ မိန်းကလေး ငယ်တွေ ပညာသင်ကြားခွင့် ရရှိရေး အလေးပေး ထုတ်ဖော် ပြောဆိုခဲ့တာ တွေအတွက် တာလီဘန် လက်နက်ကိုင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ မာလာလာ ယူဆပ်ဇိုင် ကို တကမ္ဘာလုံးက ချီးကျူး ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၀ ရက် စနေနေ့ကို မာလာလာ နေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မာလာလာကို ဂုဏ်ပြုတဲ့အနေနဲ့ ကရာချီးမြို့က ကျောင်းသား ကလေးငယ်တွေနဲ့ ကျောင်း ဆရာ ဆရာမတွေ ကလည်း ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ကျောင်းသား ကလေးငယ်တွေက မာလာလာ ရဲ့ ပုံနဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး “ငါဟာ မာလာလာ ဖြစ်တယ်။” I am Malala ဆိုပြီး ကြွေးကြော် ချီတက်ခဲ့ကြတာပါ။

ဆန္ဒပြလူအုပ်ဟာ တောင်ပိုင်း Sindh ညီလာခံ အဆောက်အဦး ရှိရာကို ချီတက်ခဲ့ကြပြီး အဲဒီမှာ မာလာလာ ရဲ့ဘဝကို ဖော်ကျူးတဲ့ ပြဇာတ်တခုကိုလည်း ကပြခဲ့ကြပါတယ်။ အခု ချီတက်ဆန္ဒပြ ကြသူတွေထဲမှာ Sindh ခရိုင်မှာရှိတဲ့ တောင်အာရှ သတင်းမီဒီယာ လွတ်လပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ Khursheed Haider လည်း ပါဝင်ပါတယ်။

“မာလာလာဟာ ဆဝပ် ဒေသမှာ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရဖို့ ပြောဆိုခဲ့တဲ့အတွက် ပစ်ခတ် ခံခဲ့ရတယ် ဆိုတာ လူတိုင်း သိကြတဲ့အတိုင်းပါပဲ။ မိန်းကလေးတွေ ပညာသင်ကြားခွင့်ကို ဆန့်ကျင်တဲ့သူ တချို့ ရှိပါတယ်။ ဒါပေမဲ့ ယုံကြည်မှုခိုင်မာတဲ့ ဒီမိန်ကလေး (မာလာလာ) ကတော့ ဒီကိစ္စကို ထုတ်ဖော် ပြောဆိုခဲ့လို့ ပစ်ခတ် ခံခဲ့ရပါတယ်။”

မာလာလာ ကို ထောက်ခံသူတွေဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဆဝပ် တောင်ကြားဒေသမှာ ရှိတဲ့ မာလာလာ ရဲ့ မွေးရပ်ဇာတိ Mingora မြို့ အပါအဝင် တခြား ပါကစ္စတန် မြို့ကြီးတွေမှာလည်း စနေနေ့က စုဝေးဆန္ဒပြမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘာ့ ပညာရေးဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဟောင်း ဂေါ်ဒန်ဘရောင်း ကလည်း မာလာလာ ကို ထောက်ခံတဲ့ လက်မှတ်ပေါင်း ၁ သောင်းကျော်နဲ့ စာတစောင်ကို ပါကစ္စတန် သမ္မတဆီကို ပေးပို့ခဲ့ပါတယ်။

“ဒီနေ့ ကျနော်တို့ မာလာလာ နေ့ကို ဂုဏ်ပြု ဆင်နွှဲနေပါတယ်။ သူ့ရဲ့ သတ္တိရှိလှတဲ့ စွမ်းဆောင်ချက်အတွက် တကမ္ဘာလုံးရဲ့ အာရုံစိုက်မှု၊ သနားကြင်နာမှုနဲ့ စာနာနားလည်မှုတွေ ရခဲ့တဲ့ မိန်းကလေးငယ်လေး မာလာလာ ကို ဂုဏ်ပြုတာပါ။ ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၁၀၀ ကျော်မှာလည်း မာလာလာ ကို ထောက်ခံတဲ့ လက်မှတ် ကောက်ယူ စုဆောင်းမှုတွေ အပါအဝင် တခြား လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်နေကြမယ် ဆိုတာကို ကျနော် ပြောနိုင်ပါတယ်။ တကမ္ဘာလုံးက မာလာလာ ကို အသိအမှတ်ပြု ဂုဏ်ပြုချင်ကြတာပါ။ တချို့နေရာတွေမှာ ငြိမ်းချမ်းရေးနဲ့ ပညာရေး အတွက် မာလာလာ ဆိုတဲ့ ကြွေးကြော်သံတွေ ကိုလည်း ကျနော် တွေ့ရပါတယ်။ လူတွေက ဒီ မိန်းကလေး ပညာသင်ကြားခွင့် ရရမယ်၊ မိန်းကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရ ရမယ် ဆိုပြီး ထောက်ခံ ပြောဆိုနေကြသလို ဒီအတွက် ဆောင်ရွက်သွားမယ်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းတာကို မြင်ချင်တဲ့အတွက် ဒါကို လုပ်သွားကြရမယ် ဆိုပြီး ပြောနေကြတာပါ။”

မာလာလာ ကို ဂုဏ်ပြုတဲ့ အနေနဲ့ အဖွဲ့အစည်းတခု ထူထောင်လိုက်တဲ့ အကြောင်းလည်း မစ္စတာ ဘရောင်း က ပြောခဲ့ပါတယ်။ ကမ္ဘာတဝှမ်း ကျောင်းနေခွင့်မရတဲ့ မိန်ကလေးငယ်ပေါင်း ၃၂ သန်း စာသင်ခွင့်ရရေး လှုပ်ရှား ဆောင်ရွက်ချင်တယ်လို့ သူ သေနတ်နဲ့ အပစ်မခံရခင် တပတ်အလိုမှာ မာလာလာ က သူ့သူငယ်ချင်းတွေကို ပြောခဲ့တဲ့အတိုင်း အခု ဖွဲ့စည်းလိုက်တဲ့ မာလာလာ ဖောင်ဒေးရှင်း က ဒီ အလုပ်တွေကို လုပ်သွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ဘရောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ဆဝပ် တောင်ကြားဒေသမှာ တာလီဘန် သေနတ်သမားတွေ ဟာ မာလာလာ ရဲ့ ဦးခေါင်းနဲ့ လည်ပင်း နေရာတွေကို ပစ်ခတ်ခဲ့တာပါ။ မာလာလာ ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ကတော့ သူ့ကို ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။ မာလာလာ ကို နိုဘဲလ် ငြိမ်းချမ်းရေးဆု ပေးဖို့ လူပေါင်း ၉ သောင်းနီးပါး ကလည်း လက်မှတ် ရေးထိုး အဆိုပြုခဲ့ကြပါတယ်။

မာလာလာ ဟာ အခုဆိုရင် သေနတ်ဒဏ်ရာကနေ ပြန်လည် သက်သာ လာနေပြီဖြစ်ပြီး လောလောဆယ် ဗြိတိန်နိုင်ငံက ဆေးရုံတခုမှာ ဆေးကုသ ခံယူနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG