သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နဲ့ နေတိုး ရဟတ်ယာဉ်တွေ အပြန်အလှန် ပစ်ခတ်

ပါကစ္စတန်နဲ့ နေတိုး ရဟတ်ယာဉ်တွေ အပြန်အလှန် ပစ်ခတ်
ပါကစ္စတန်နဲ့ နေတိုး ရဟတ်ယာဉ်တွေ အပြန်အလှန် ပစ်ခတ်

ပါကစ္စတန် ခြေလျင်တပ်ဖွဲ့တွေနဲ့ နေတိုး ရဟတ်ယာဉ်တို့အကြား အာဖဂန်နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ် ပါကစ္စတန်စစ်တပ်က အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းက နေတိုးတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်တွေ ပါကစ္စတန် နယ်မြေထဲ ကျူးကျော် ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန် စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နယ်စပ် အနီးကို သူတို့ ရဟတ်ယာဉ်တွေ ပျံသန်းခဲ့တယ် ဆိုတာကို နေတိုးဘက်က အတည်ပြု ပြောကြားလိုက်ပြီး ဒီကိစ္စကို စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) မြို့မှာ ပုန်းအောင်းနေတဲ့ အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို အမေရိကန် အထူးတပ်ဖွဲ့တွေ ဝင်ရောက် သုတ်သင်ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေးတွေ တင်းမာနေတဲ့အချိန် မြောက် ဝါရီရစ်စ်တန် (Wariristan) က ဒတ္တာခဲလ် (Datta Khel) ဒေသကို အင်္ဂါနေ့မှာ ဝင်ရောက် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

နေတိုး ရဟတ်ယာဉ်တွေဟာ အာဖဂန်နိုင်ငံဘက် အခြမ်းမှာပဲ ရှိနေပြီး ပါကစ္စတန် တပ်ဖွဲ့တွေက စတင် ပစ်ခတ်ခဲ့တာလို့ ကဘူးလ်မြို့ (Kabul) အခြေစိုက် အနောက်တိုင်း သံတမန်တဦးက ပြောပါတယ်။ သူတို့ ၂ ကြိမ် ပစ်ခတ်ခံရပြီးမှ နေတိုး ရဟတ်ယာဉ် တစင်းက ပြန်ပစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီအတောအတွင်း ယီမင်နိုင်ငံသား အယ်လ်ခိုင်းဒါး (al Quida) အဆင့်မြင့် ခေါင်းဆောင်တယောက်ကို ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့မှာ ဖမ်းဆီး ရမိလိုက်တယ်လို့ ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။ အခု ဖမ်းဆီးရမိလိုက်သူဟာ မူဟမ်မက် အလီ ကာဆင်မ် ယာကွတ်ဘ် (Muhammad Ali Qasim Yaqub) ခေါ် အဘူ ဆိုဟစ်ဘ် အယ်လ် မာကီ (Abu Sohaib Al Makki) ဆိုသူ ဖြစ်တယ်လို့ ပါက္စတန် စစ်တပ်က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစောပိုင်း စုံစမ်း စစ်ဆေးမှုတွေအရ အဲဒီ အယ်လ် မာကီ ဆိုသူဟာ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တွေရဲ့ တိုက်ရိုက် ညွှန်ကြားမှုနဲ့ ပါကစ္စတန်နဲ့ အာဖဂန် နယ်စပ်တလျှောက် လှုပ်ရှားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ကို တဖြည်းဖြည်း ဖော်ထုတ်လာနိုင်ပြီဆိုတာ ပြသလိုက်တာပဲလို့ ပါကစ္စတန်နိုင်ငံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အယ်လ် မာကီနဲ့ ပတ်သက်တဲ့ တခြား သတင်းအချက်အလက်တွေတော့ ချက်ချင်း စုံစမ်းလို့ မရနိုင်သေးပါဘူး။

This item is part of
XS
SM
MD
LG