ခရီးသည် ၁၅၂ ယောက်ကို တင်ဆောင်လာတဲ့ လေယာဉ်တစင်း ပါကစ္စတန် မြို့တော်အနီး လူသူမရှိတဲ့ နေရာက တောင်စောင်းကို ၀င်တိုက်မိပြီး ပျက်ကျရာ လိုက်ပါလာသူ အားလုံး သေဆုံးသွားခဲ့ပါတယ်။
နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချိကနေ အစ္စလမ္မာဘတ်မြို့တော်ကို ပျံသန်းလာတဲ့ Airblue ဂျက်လေယာဉ်ဟာ မိုးရွာသွန်းနေပြီး တိမ်ထူထပ်ချိန် ဆင်းသက်ဖို့ ကြိုးစားစဉ် ဒီကနေ့မှာပဲ ပျက်ကျသွားခဲ့တာလို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။
မာဂလာတောင်တန်း ရှိရာကို အရေးပေါ် ကယ်ဆယ်ရေးတွေ ချက်ချင်း စေလွှတ်ခဲ့သလို သစ်တောထူထပ်တဲ့ ဒီဒေသကို အပေါ်ကနေ အသက်မသေ ကျန်ရစ်သူ ရှိမရှိ ရှာဖွေဖို့ စစ်တပ် ရဟတ်ယာဉ်တွေလည်း သွားရောက်ခဲ့ကြတာပါ။
အစောပိုင်းမှာတုန်းက အသက်ရှင်ကျန်သူတွေ ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တာဟာ မမှန်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေထဲ အမေရိကန် နိုင်ငံသား ၂ ဦး ပါဝင်တယ်လို့လည်း ပါကစ္စတန်မှာရှိတဲ့ အမေရိကန် သံရုံးက ပြောပါတယ်။
ရှာဖွေ ကယ်ဆယ်ဖို့ စစ်တပ်ကို စေလွှတ်ထားခဲ့ပေမဲ့လည်း ခက်ခဲတဲ့ ရေမြေ အနေအထားနဲ့ ရာသီဥတု အခြေအနေတွေကတော့ လုပ်ငန်းတွေကို အဟန့်အတား ဖြစ်နေတာပါ။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အခုအချိန်မှာ အတိအကျ မသိရသေးပါဘူး။ လေကြောင်းလိုင်း ပြောခွင့်ရသူကတော့ လေယာဉ်ဟာ သိထားရသလောက် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် မရှိခဲ့သလို လေယာဉ်မှူးတွေက အရေးပေါ် အချက်ပေးတာမျိုးလည်း မရှိခဲ့ဘူးလို့ ပြောပါတယ်။