ပါကစ္စတန် လွှတ်တော်အမတ်တွေ အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ် နှစ်ခုထဲက တစ်ခုကို မလွဲမသွေ ရွေးချယ်ရတော့မယ်လို့ ပါကစ္စတန် အရပ်သားအစိုးရနဲ့ စစ်တပ်တို့ကြား တင်းမာမှုတွေ ကြီးထွားနေချိန်မှာ ပါကစ္စတန်ဝန်ကြီးချုပ် ယူစွပ် ရာမက်ဇ်ဂီလာနီ (Yiusuf Ramaz Gilani) က ဇန်နဝါရီလ (၁၃) ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။
ပါကစ္စတန်မှာ စစ်အာဏာ သိမ်းခံရမယ့်အရေးကနေ ရှောင်လွဲှနိုင်ဖို့ အမေရိကန်အစိုးရက အကူအညီပေးပါလို့ ဝါရှင်တန်ဒီစီက ပါကစ္စတန် သံအမတ်ဟောင်းက လက်မှတ်မထိုးဘဲ စာရေးသားပေးပို့ခဲ့မှုကို တရားရုံးက စစ်ဆေးတာကနေ ဘယ်လို အဖြေပဲထွက်ထွက်၊ ပါကစ္စတန်မှာ ဒီမိုကရေစီ ရှင်သန်နေဖို့ လိုတယ်လို့ ဝန်ကြီးချုပ် ဂီလာနီက ပြောခဲ့ပါတယ်။
သမ္မတ အဆစ်ဖ်အလီဇာဒါရီ (Asif Ali Zardari) ရဲ့ မဟာမိတ်အမတ်တွေထဲက တစ်ဦးက ပါကစ္စတန်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို အပြည့်အ၀ ယုံကြည်ပါကြောင်း လွှတ်တော်က ဆုံးဖြတ်ချက်ချဖို့ ကမ်းလှမ်းခဲ့ပါတယ်။
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားရေးဌာနနဲ့ စစ်တပ်အပါအဝင် ဘယ်လို အခိုင်အမာ အဖွဲ့အစည်းတွေကိုမှ ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း၊ ဝန်ကြီးချုပ် ဂီလာနီက ဆိုပါတယ်။ အဲဒီလို ထိခိုက်မှုမရှိတဲ့အပြင် ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပါကစ္စတန်ရဲ့ လွှတ်တော်စနစ် ဆက်ပြီးရှိရေးတို့ကို ဒီဆုံးဖြတ်ချက်မျိုးက အထောက်အပံ့ ပေးလိမ့်မယ် လို့လည်း မစ္စတာ ဂီလာနီက ပြောကြားခဲ့ပါတယ်။