ပါကစ္စတန်စစ်တပ်က နိုင်ငံရဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ပါကစ္စတန်စစ်တပ်အကြီးအကဲက ငြင်းဆိုလိုက်ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ်က ပူးပေါင်းကြံစည်သူတွေဟာ သူ့ရဲ့ ညွှန့်ပေါင်းအစိုးရကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းနေတယ်လို့ ပြောလိုက်ပြီး စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး တစ်ရက်အကြာမှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Ayaz Gul အစ္စလာမ်မာဘတ်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ပါကစ္စတန် ကြည်းတပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ရှ်ဖက် ပါဗက်ဇ် ကယာနီ (Ashfaq Parvez Kayani) က သူ့ရဲ့ စစ်တပ်ဟာ ပါကစ္စတန်နိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ဆက်ပြီးထောက်ခံသွားမှာ ဖြစ်ပြီးတော့ စစ်တပ်က အာဏာသိမ်းဖို့လုပ်နေတယ်လို့ ခန့်မှန်းပြောဆိုတာတွေဟာ လူတွေကို အမြင်မှားစေတဲ့ကိစ္စဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ပါကစ္စတန်စစ်တပ်က သောကြာနေတုန်းက တရားဝင်ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ ခန့်မှန်းပြောဆိုချက်တွေဟာ တကယ်ပြဿနာတွေကို အာရုံလွှဲစေချင်တဲ့အတွက် ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးက ပြောထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူက အကျယ်တဝင့်တော့ ပြောဆိုသွားခဲ့ခြင်းမရှိပါဘူး။
ပါကစ္စတန်ဝန်ကြီးချုပ် ယူစွတ်ရာဇာဂီလာနီက သူရဲ့ ညွှန့်ပေါင်းအစိုးရကို ဖြုတ်ချဖို့ ပူးပေါင်းကြံစည်တာတွေ ရှိနေပြီး ပါကစ္စတန် စစ်တပ်ဟာလည်း နိုင်ငံအတွင်းမှာ သီးခြားနိုင်ငံတစ်ခုလို ရှိနေတယ်လို့ ဝေဖန်လိုက်ပြီး တစ်ရက်အကြာမှာ ကြည်းတပ်အကြီးအကဲရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ပန်ဂျတ်တက္ကသိုလ်က နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ပါမောက္ခဟောင်း ဟက်ဆန်အက်စ်ကာရီ (Hasan Askari) ကတော့ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ဟာ လိုအပ်တာထက် ပိုနေတယ်လို့ ပြောလိုက်ပါတယ်။
“လက်ရှိအနေအထားမှာ စစ်တပ်အနေနဲ့ အာဏာယူဖို့ ဖြစ်နိုင်ချေမရှိသလို စစ်တပ်အာဏာသိမ်းဖို့အတွက် အကြံပေးရမယ့် အနေအထား မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အာဏာကို ယူလိုက်ခြင်းအားဖြင့် ပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဘေးကနေမှသာ သူတို့ရဲ့ ရည်မှန်းချက်တွေကို ပြည့်နိုင်သလို သြဇာလွှမ်းမိုးမှုလည်း ရှိနိုင်မှာပါ။ သူတို့ကလည်း အဲဒီလိုလုပ်သွားမှာပါ။”
ပါကစ္စတန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အမေရိကန်အနေနဲ့ အကူအညီပေးဖို့ သမ္မတက တောင်းဆိုခဲ့တယ်ဆိုပြီး အဲဒီမှတ်တမ်းအပေါ် စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ ပါကစ္စတန် အရပ်သားအစိုးရ ခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကြားမှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း တင်းမာမှုတွေ ပိုများလာခဲ့တာပါ။
ပါကစ္စတန် တပ်မြို့မှာ အိုဆာမာဘင်လာဒင်ကို သတ်ပစ်ခဲ့တဲ့ အမေရိကန်ရဲ့ လျှို့ဝှက် ဝင်ရောက်စီးနင်းမှု ပြီးတဲ့နောက် ရက်ပိုင်းအကြာ မေလတွင်းမှာပဲ အဲဒီမှတ်တမ်းကို အမေရိကန်နိုင်ငံကို ပို့ခဲ့တာဖြစ်ပါတယ်။
ဒီမှတ်တမ်းနဲ့ဆိုင်တဲ့ အရှုပ်တော်ပုံတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အမိန့်ထုတ်သင့် မထုတ်သင့် ကိစ္စကိုတော့ ပါကစ္စတန်တရားရုံးချုပ်က စဉ်းစားနေတုန်းပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ကယာနီက ဒီအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးဖို့အတွက် တရားရုံးကို လျှောက်ခဲ့ပြီး ဒီမှတ်တမ်းဟာ တကယ့်အဖြစ်အပျက် ဖြစ်ပြီးတော့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ကွယ်မှာရှိနေတဲ့ သူတွေကို ဖော်ထုတ်ဖို့အတွက် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လိုအပ်တယ်လို့ သူက ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် ဂီလာနီကတော့ ဒီမှတ်တမ်းဟာ ပြဿနာ မဟုတ်ကြောင်း၊ သူ့အစိုးရအနေနဲ့လည်း ဒါနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာ မရှိဘူးလို့ ပြောလိုက်ပါတယ်။
နိုင်ငံရေးအတိုက်အခံတွေက အစိုးရဟာ အဂတိလိုက်စားမှုတွေကို အကြီးအကျယ် လုပ်နေပြီး အုပ်ချုပ်မှုပိုင်းမှာ မကောင်းဘူးလို့ စွပ်စွဲနေတာတွေနဲ့အတူ ဒီမှတ်တမ်းနဲ့ပတ်သက်ပြီး ဆန့်ကျင်နေတာတွေကြောင့် စစ်တပ်က အစိုးရကို ဖြုတ်ချချင်နေတယ် ဆိုတဲ့ ပုံစံမျိုးမြင်နေရတယ်လို့ ဟက်ဆန်အက်စ်ကာရီက ပြောပါတယ်။
ဒီမှတ်တမ်း အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ကြားနားမှုမှာတော့ ပါကစ္စတန် တရားသူကြီးချုပ် အစ်ဖ်တီကာချောင်ဒ်ဟ်ရီ (Iftikhar Chaudhry) က စစ်တပ်အာဏာသိမ်းမှု ဖြစ်လာနိုင်ချေရှိတယ် ဆိုတာနဲ့ပတ်သက်ပြီး မစိုးရိမ်ကြဖို့နဲ့ စစ်တပ်အာဏာသိမ်းဖို့ကိစ္စဟာ မေးစရာမလိုတဲ့ မေးခွန်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။